ရန်ကုန်တွင် ယခုရက်ပိုင်း လျှပ်စစ်မီး ဆိုးရွားစွာ ပြတ်တောက်နေ ⬛ မြို့ဝင်ရှိ တာဝါတိုင်တစ်ခု ဖောက်ခွဲခံရ၍ မီးအပြတ်များမည်ဟု YESC တာဝန်ရှိသူဆို

Author ကိုထက်
Categories
Published on Dec 07, 2023

အာဏာသိမ်းပြီးနောက် အကြပ်တည်းဆုံးအခြေအနေနှင့်ရင်ဆိုင်‌နေရသော ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးရွားစွာခံစားနေရသည်ဟု မြို့ခံများထံမှ သိရသည်။

 

အလှည့်ကျစနစ်ဖြင့် ဓာတ်အားပေးသည့် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် လျှပ်စစ်မီး ပျက်ချိန်မှန်သော်လည်း လာချိန်မှာ ၅ နာရီပင် မပြည့်ကြောင်း၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် လေးမြို့နယ်ကဲ့သို့ မြို့သစ်များတွင် ပိုမိုဆိုးရွားသည့် လျှပ်စစ်မီးပြတ်တောက်မှုများဖြင့်ရင်ဆိုင်နေရကြောင်း ယင်းမြို့နေသူများထံမှ သိရသည်။

 

“အခုမီးလာတဲ့အချိန်က ထမင်း တစ်အိုးတောင် မကျက်ဘူး။ ပြန်ပြတ်သွားတယ်။ ခဏလာ၊ ခဏ ပြတ်ပဲ” ဟု ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကတည်းက ရန်ကုန်တွင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြစ်သော ၄ နာရီ ဖြတ်၊ ၄ နာရီပေးစနစ်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ယခုကာလတွင် အချိန်မှန်မှန်မပေးနိုင် ဖြစ်နေသည်ဟု ရန်ကုန်မြို့ခံများက ဆိုသည်။

 

“ပွဲတော်ရက်နောက်ပိုင်း တန်ဆောင်တိုင်လေ၊ အဲ့ဒီနောက်ပိုင်း မီးပြတ်တာပိုဆိုးလာတယ်။ ခါတိုင်းက လေးနာရီလာ၊ လေးနာရီပြတ် မှန်တယ်လေ။ အခုရက်ပိုင်းတွေဆို မီးက တစ်ရက်လုံးကို ၄၊ ၅ နာရီတောင်လာတာ မပြည့်တော့ဘူး” ဟု သဃ်န်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

ယခုကဲ့သို့ ရန်ကုန်တွင် လျှပ်စစ်မီးများ ဆိုးရွားစွာပြတ်တောက်နေခြင်းနှင့် ပတ်သက်၍ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ဘက်က နိုဝင်ဘာနောက်ဆုံးပတ်အတွင်း ရန်ကုန်သို့အဝင် တာဝါတိုင်တစ်ခု ဖောက်ခွဲခံရပြီး အပြစ်ဖြစ်နေသည့်အတွက် ဓာတ်အားပြတ်တောက်မှုများ ဖြစ်နေခြင်းဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

သို့သော် ထိုတာဝါတိုင်ကို လုံခြုံရေးအရ ပြုပြင်နိုင်ခြင်းမရှိသေး၍ လျှပ်စစ်မီးပြတ်တောက်မှု များနေဦးမည်ဖြစ်ကြောင်း YESC Yangon တာဝန်ရှိသူက ဆိုသည်။

 

ယင်းသို့ ပြုပြင်ချိန်ကြာမြင့်နေ၍ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ၃၀၀ မဂ္ဂဝပ်(300MGW) လျော့နည်းနေပြီး အလှည့်ကျ ဝန်အားလျှော့ချရမှုများ ပိုလုပ်ရနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

 

“ပြီးခဲ့တဲ့လနောက်ဆုံးပတ်လောက် System ထဲက ရန်ကုန်အဝင်တာဝါတိုင်တစ်ခု ဖျက်ဆီးခံခဲ့ရတာ ရှိတယ်လေ။ ပြင်ဖို့ကလည်း လုံခြုံရေးအရက အခြေအနေမပေးတော့ ရန်ကုန်မှာ မီးပြတ်တာက များနေဦးမယ်။ ပြုပြင်နိုင်ခဲ့ရင်တော့ လာချိန်၊ ပြတ်ချိန် မှန်နိုင်ပါတယ်” ဟု YESC  Yangon ၏ တာဝန်ရှိသူက ပြောသည်။

 

ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်သည့်အခက်အခဲအပြင် အိမ်သုံးဂတ်စ်၊ စက်သုံးဆီ စသည်တို့ ဈေးတက်ပြီး ပြတ်လပ်မှုများနှင့် ရင်ဆိုင်နေရသည်။