တာရင်တောင်စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း (၁၁) ဦး ဖမ်းမိဟု MNDAA ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 07, 2023

ကိုးကန့်ဒေသ လောက်ကိုင်မြို့၊ တုန်ချိန်ရပ်ကွက် တောင်ဘက်ခြမ်းရှိ တာရင်တောင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား(၁၁)ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း ကိုးကန့်တပ် (MNDAA)က ဒီဇင်ဘာ (၆) ရက် ထုတ်ပြန်ချက်အရ သိရသည်။

လောက်ကိုင်မြို့နှင့်အနီးဆုံးတွင် တည်ရှိသော စစ်ကောင်စီစခန်းတစ်ခုဖြစ်သော တာရင်တောင်သည် စစ်ရေးအရ အရေးပါသည့် High Point တောင်ကုန်းတစ်ခုဖြစ်သည့်အတွက် ကိုးကန့်တပ်များက ဒီဇင်ဘာ (၃) ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ ဒီဇင်ဘာ (၅) ရက်တွင် ထိုတောင်ပေါ်ရှိ စစ်ကောင်စီ၏ စခန်း (၄) ခုစလုံးကို သိမ်းပိုက်နိုင်ပြီးနောက် တာရင်တောင်တစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်ဟု MNDAA က ဆိုသည်။

စစ်ကောင်စီတပ်၏ တိုက်နိုင်ခိုက်နိုင်သော စစ်သားအင်အားရှားပါးမှုကို ပိုမိုမြင်သာစေသည့်အနေဖြင့် ကိုးကန့်တပ် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများတွင် သက်ကြီးရွယ်အိုများ ပါဝင်နေသည်ကို ထုတ်ပြန်ချက် ဓာတ်ပုံများအတွင်း မြင်တွေ့ရသည်။

စစ်ကောင်စီဘက်က စစ်သားအင်အား နည်းပါးလာမှုကို ဝန်ခံထားခြင်းမရှိသော်လည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ တာဝန်ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုလာသည့် ကျန်းမာရေး အခြေအနေအရ တပ်မတော်က ထွက်ခွင့်ရထားသည့် စစ်သည်တော်ဟောင်းများ၊ ခွင့်မဲ့၊ စစ်ပြေးဖြစ်နေသော စစ်သည်များကို စိစစ်ကာ တပ်မတော်တွင် ထိုက်သင့်သည့် တာဝန်များ ထမ်းဆောင်ခွင့်ပြုမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် သတင်းစာ ကြေးမုံမှတစ်ဆင့် ဒီဇင်ဘာ (၅) ရက်နေ့တွင် ပြောကြားထားသည်။

လောက်ကိုင် မီရှင့်ကုတ်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ-လောက်ကိုင်)နှင့် တိုက်ရိုက်အကွာအဝေး နှစ်မိုင်သာရှိပြီး လောက်ကိုင်တစ်မြို့လုံးကို စီးမိုးမြင်နိုင်သည့် တာရင်တောင်ကို သိမ်းပိုက်နိုင်ပြီးသည့်နောက်တွင် လောက်ကိုင်မြို့တောင်ဘက်ခြမ်းရှိ စစ်ရေးအရ အရေးပါသည့် High Point တောင်ကုန်းအားလုံးကို ကိုးကန့်တပ်များက ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။

MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက စစ်ဆင်ရေးပထမအဆင့်ပြီးဆုံးရန် နောက်ဆုံးတစ်မြို့သာ ကျန်တော့သည်ဟု CJ Platform ၏ မေးမြန်းမှုကို ဒီဇင်ဘာ (၃) ရက်နေ့တွင် ဖြေကြားထားပြီးနောက်တွင် လောက်ကိုင်မြို့သိမ်းနိုင်ရေးကို ဆက်လက်ကြိုးပမ်းတိုက်ခိုက်နေသည်ကို တွေ့ရသည်။

 

လက်ရှိတွင် အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်သည် စစ်ကောင်စီ၏ တပ်စခန်းပေါင်း (၂၀၀) ကျော် အထိ ထိန်းချုပ်ထားနိုင်သလို ကိုးကန့်တို့၏ အိမ်ပြန်တိုက်ပွဲအတွက် လောက်ကိုင်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – The Kokang