မသန်စွမ်းအမျိုးသမီးတစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် စစ်သားအား PDF များမှ ဖမ်းမိထားစဉ် ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွား
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ဘုန်းကြီးကျောင်းတစ်ခု၌တည်းခိုနေသော စစ်ကောင်စီတပ်သားကို လက်နက်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းထားစဉ် ထွက်ပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း ယင်းခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ရိုးမမြေက CJ Platform သို့ ပြောသည်။
ဒီဇင်ဘာ ၃ ရက် ညနေ ၅ နာရီခန့်တွင် ပဲခူးရိုးမအတွင်း အုတ်ဖိုမြို့နယ်၊ လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်းသို့ လာရောက်နေသည့် စစ်ကောင်စီတပ်သား သုံးဦးကို PDF များက ဝင်ရောက်ဖမ်းဆီးခဲ့ရာ ခလရ(၁)မှ စစ်သက် ၄ နှစ်ခန့်ရှိ တပ်သား “ရောဆက်”ကို MA-3 သေနတ် တစ်လက်၊ ကျည် ၁၂ တောင့်နှင့်အတူ လက်ရဖမ်းဆီးရမိခဲ့ကြောင်း၊ ကျန်စစ်ကောင်စီတပ်သား နှစ်ဦးနှင့် ကျောင်းထိုင်ဘုန်းကြီးတို့မှာ ကားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။
ဖမ်းဆီးရမိသော စစ်သားကို စစ်သုံ့ပန်းဥပဒေများနှင့်အညီ ထားရှိ၍ စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းသည် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်သို့ စစ်ကောင်စီတပ်သား ၃၀ ဦးခန့်နှင့်အတူ စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူများ၏ စက်လှေ ၃ စင်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဆယ်ရွာမှ ပြည်သူတစ်ဦး၏နေအိမ်အတွင်း ဝင်ရောက်တပ်စွဲ၍ အိမ်ရှင်အမျိုးသားဖြစ်သူကို အရက်ဝယ်ခိုင်းကာ အိမ်ရှင်အမျိုးသမီးကို မုဒိမ်းမှုကျူးလွန်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲဘော် ရိုးမမြေက ဆိုသည်။
ဆယ်ရွာမှတစ်ဆင့် ဒီဇင်ဘာ ၂ ရက်နေ့၊ ည(၉ )နာရီခန့်တွင် လယ်ကြမ်းတောမှ ပြည်သူများကို ပေါ်တာဆွဲစဥ် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့သည့် မသန်စွမ်း အမျိုးသမီး တစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ထိုမှတဆင့် လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်း၌ တည်းခိုနေစဥ် တော်လှန်ရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းချက်များအရ သိရကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် အဆိုပါ ဖမ်းဆီးခံ စစ်သားသည် စစ်သုံ့ပန်းဥပဒေများနှ င့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသော်လည်း တော်လှန်ရေးရဲဘော်များ အိပ်ပျော်နေစဥ် ထွက်ပြေးသွားသည့်အတွက် ကင်းတာဝန်ကျ ရဲဘော် နှစ်ဦးက လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့၀င် ၄၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ ထိုဖမ်းဆီးခံ စစ်သားက ထုတ်ဖော်ပြောကြားခဲ့ကြောင်း ရဲဘော်ရိုးမမြေ၏ ပြောဆိုချက်အရ သိရသည်။
” ကျွန်တော်တို့နဲ့ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာ စခ ၄၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အခုစခဆီက သိရပါတယ်။ ဒဏ်ရာရသူတွေထဲ စခဗိုလ် တစ်ယောက်ဆို ခုထိဆေးရုံက မဆင်းရသေးဘူး ပြောတယ်။ စခတွေသေတာကို ကျွန်တော်တို့ဘက်က အလောင်းမရအောင် လက်နက်ကြီးပစ်ကူယူပြီး အလောင်းအရ သယ်ရတယ်တဲ့။ ကျွန်တော်တို့ဘက်က သတင်းထုတ်တော့ စခသေတာ အလောင်းမပြနိုင်အောင်တဲ့” ဟု ၎င်းက ပြောသည်။
ဓာတ်ပုံ -သာယာဝတီခရိုင် PDF တပ်ရင်း(၃၈၀၂) တပ်ခွဲ ၅