နှစ်ရက်အတွင်း စစ်ကောင်စီတပ်သား (၁၀၀) နီးပါး ချေမှုန်းနိုင်ခဲ့ခြင်းသည် ကြီးမားသည့် အောင်မြင်မှုတစ်ခုဟု MNDAA ပြောရေးဆိုခွင့်ရှိသူပြော

Author အဂ္ဂ
Categories
Published on Dec 02, 2023

ရှမ်းပြည် (မြောက်ပိုင်း)ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်တွင်ရှိသော  ‌‌ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လောက်ကိုင် လက်အောက်ခံ ကုန်းကြမ်းအခြေစိုက် အမှတ် (၁၂၅) ခြေလျင်တပ်ရင်း (ခလရ ၁၂၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၂ နှင့် ၁၆ မှ တပ်သားများနှင့် မိသားစုဝင် (၂၇၂) ဦး  သည် ကိုးကန့်တပ် (MNDAA) ထံ နိုဝင်ဘာ (၂၈) ရက်နေ့တွင် လက်နက်ချအလင်းဝင်ခဲ့ရာ စကခ (၁၆) မှ စကခမှူးသည် အင်အား (၁၀၀) ကျော်နှင့် ထွက်ပြေးသွားသဖြင့် ကိုးကန့်တပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းရာ နှစ်ရက်တာအတွင်း စစ်ကောင်စီတပ်သား (၁၀၀) နီးပါးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ကိုးကန့်တပ် (MNDAA ) ထံမှသိရသည်။

ကုန်းကြမ်းစခန်းမှ ထွက်ပြေးသော စကခ (၁၆) စကခမှူးနှင့် အင်အား (၁၀၀) ကျော်အအပါအဝင် အခြားနေရာများတွင် ရှိနေသော စစ်ကောင်စီတပ်သား စုစုပေါင်း (၂၈၀) ကျော်သည် ကိုးကန့်တပ်များ၏ လိုက်လံပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ရှီရှမ်းဒေသ ရှောက်ကိုင်အုပ်စု၊ ဝကြည်ကျိုင့်ရွာနှင့် စူကြာကျိုင့်ရွာ တောင်ကုန်းအောက်ခြေသို့ စုစည်းပုန်း‌အောင်း ရောက်ရှိလာသည့်အတွက် နိုဝင်ဘာ (၃၀) ရက်နေ့ နံနက်ပိုင်း (၁၁) နာရီ (၁၀) မိနစ်ခန့်တွင် ကိုးကန့်တပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ ဒီဇင်ဘာ (၁) ရက် နယ်မြေရှင်းလင်းရေးလုပ်ချိန်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်း (၂၀) ကျော်တွေ့ရှိခဲ့ပြီး ညနေပိုင်းတွင် လက်ကျန်စစ်ကောင်စီတပ်သားများကို ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား (၇၀) ကျော်ကို ထပ်မံချေမှုန်းနိုင်ခဲ့ကြောင်း သိရသည်။

“ဒါက ကြီးမားတဲ့ အောင်မြင်မှုတစ်ခုဖြစ်တယ်၊ ကျွန်တော်တို့ အနေနဲ့လည်း အခုထွက်ပြေးနေတဲ့ လူတွေကို အမြန်လာရောက် အလင်းဝင်ရန် ကျွန်တော်တို့ ဖိတ်‌ခေါ်တယ် တိုက်တွန်းတယ်” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက CJ Platform သို့ ပြောသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ စစ်သုံ့ပန်း လေးဦး ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းများ အပြင် စိတ်ကြွဆေးပြားမူးယစ်ဆေးဝါးများကိုပါ စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရ မိခဲ့သည် ဟုဆိုသည်။ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများကို ကိုးကန့်တပ်များက လိုက်လံရှာဖွေကာ နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေပြီး ရှင်းဝမ့်ဒေသလုံခြုံရေးအဖွဲ့ကလည်း ကုန်းကြမ်းစခန်းအနီးတွင် စစ်ကောင်စီ တပ်သားနှစ်ဦးကို ရှင်းလင်းနိုင်ခဲ့ကာ လက်နက်ခဲယမ်းများအပြင် ဖုန်းနှင့် ငွေကြေးများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

 

လက်နက်မချ အညံ့မခံသေးသည့် စစ်ကောင်စီတပ်သားများအနေဖြင့် လက်နက်ချ အလင်းဝင်ကြရန်နှင့် လက်နက်ချ အလင်းဝင်လာပါကလည်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်များအတိုင်း ကောင်းမွန်စွာ ဆက်ဆံပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

“ဒီတိုင်းဆက်လက်ပြီး ပေကပ် ခေါင်းမာပြီးတော့ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို ဆက်လက်ပြီး ထိခိုက်နေမယ်၊ ဖမ်းဆီးနေမယ်၊ ပြီးတော့ ကျွန်တော်တို့ကို ဆန့်ကျင်နေမယ်ဆိုရင်တော့ ကျွန်တော်တို့က  အမြစ်ပြုတ် ချေမှုန်းသွားမှာ ဖြစ်တယ်” ဟုလည်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျားဝင်းက CJ Platform ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

 

၁၀၂၇ စစ်ဆင်ရေးစတင်သည့် အောက်တိုဘာ (၂၇) ရက်ကတည်းက စစ်ကောင်စီသည် ရှမ်းမြောက် တခွင်တွင် မြို့ (၇) မြို့၊ အခြေစိုက်စခန်းပေါင်း (၂၃၀) နီးပါး၊ သံချပ်ကာကားများ၊ ‌ဟောင်ဝစ်ဇာ အမြောက်များအပြင် လက်နက်ခဲယမ်း အမြောက်အမြား လက်လွှတ်ဆုံးရှုံးနေရပြီး ညီနောင်မဟာမိတ်သုံးဖွဲ့ထံ တပ်ရင်းအလိုက်လက်နက်ချ အလင်းဝင်ကြသည်မှာလည်း တပ်ရင်း သုံးခု ရှိပြီဖြစ်သည်။

 

ဓာတ်ပုံ – The Kokang