ညီနောင်မဟာမိတ်သုံးဖွဲ့ကို Drone၊ Drop Bomb များအပြင် သာလွန်အင်အားသုံးသည်ဟု စွပ်စွဲသည့် စစ်ကောင်စီက ရှမ်းမြောက်တွင် တစ်ရက်တည်းအတွင်း လေကြောင်းမှ (၁၂) ကြိမ်၊ လက်နက်ကြီးဖြင့် (၅၄) ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့

Author အဂ္ဂ
Categories
Published on Dec 01, 2023

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ (၂၉) ရက်နေ့တွင် ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲနေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့သည် Drone၊ Drop Bomb များအပြင် သာလွန်အင်အားသုံးကာ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ ထိုသို့ စွပ်စွဲပြီး နောက်နေ့ (နိုဝင်ဘာ ၃၀) တစ်ရက်တည်း အတွင်းမှာပင် ရှမ်းပြည်(မြောက်ပိုင်း) ရှိ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ဆက်စပ်ရာ အရပ်ဒေသများကို လေကြောင်းမှ (၁၂) ကြိမ်၊ စစ်ကောင်စီတပ်စခန်းများမှနေ၍ လက်နက်ကြီး များဖြင့် (၅၄) ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်ကို ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်သော တိုက်ပွဲ သတင်း အချက်အလက်များအရ သိရသည်။

 

ရှမ်းပြည်(မြောက်ပိုင်း) တွင် စစ်ကောင်စီဘက်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည့် (၁၂) ကြိမ်မှာ တအာင်းတပ်မတော် (TNLA) တို့ တိုက်ခိုက်နေသည့် နမ့်ခမ်းမြို့နယ်၊ စခန်းသစ်ကုန်းတိုက်ပွဲတွင် လေကြောင်း ပစ်ကူအဖြစ် Jet Fighter ဖြင့် (၇) ကြိမ်၊ ကိုးကန့်တပ် (MNDAA) နှင့် တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်များ တိုက်ခိုက်နေသည့် မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ (၁၀၅) မိုင် တပ်စခန်း တိုက်ပွဲတွင် လေကြောင်းပစ်ကူအဖြစ် Mi 35၊ Jet Fighter ဖြင့် (၃) ကြိမ်၊ နမ့်ခမ်းမြို့နယ် ရွှေလီ-မန်ဝိန်း ကြိုးတံတားဘက်တွင် Jet Fighter ဖြင့် (၁) ကြိမ် လာရောက် ပစ်ခတ်တိုက်လိုက်ခဲ့သလို  ကိုးကန့်တပ် (MNDAA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကျင်းစန်းကျော့ နယ်စပ်ဂိတ်အနီးတွင် Jet Fighter ဖြင့် (၁) ကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းတို့ ဖြစ်သည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက် အချက်အလက်များ အရ သိရသည်။

 

ယမန်နေ့ (နိုဝင်ဘာ ၃၀) တစ်ရက်တာအတွင်းတွင် စစ်ကောင်စီသည် တအာင်းတပ်မတော် (TNLA) နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ကျောက်မဲမြို့နယ် ကျင်တီတံတားဘက်နှင့် အေးရှားဝေါတိုးဂိတ် အနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၁၀) ကြိမ် ပစ်ခိုက်တိုက်ခိုက်ခဲ့ပြီး နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း တိုက်ပွဲကိုလည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာတပ်စခန်းမှ လက်နက်ကြီးဖြင့် (၇) ကြိမ် ပစ်ကူပေးခဲ့သည်ဟု သိရသည်။ ထို့အပြင် ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ ကြူရှောကျေးရွာဘက်နှင့် နောင်ပြစ်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၁၄) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင်  လားရှိုးမြို့နယ် ပန်ဟုံကျေးရွာ၊ ပန်းထိုလင်၊ ပိန်ခန်းကျေးရွာဘက်နှင့် မန်ကျန်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် (၁၃) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အလားတူပင် ကိုးကန့်ခရိုင်၊ ရှီးရှန်း‌ဒေသ၊ တာရွှေထန်အုပ်စု၊ နန်ကော်ကျေးရွာဘက်သို့ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် (၁၀) ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သေးသဖြင့် ယမန်နေ့ တစ်ရက်တည်းအတွင်းတွင် ရှမ်း‌မြောက်ရှိ စစ်ရေးပစ်မှတ်များ အပြင် အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား၍ လက်နက်ကြီးဖြင့် စစ်ကောင်စီက (၅၄) ကြိမ်ထက် မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

 

နိုဝင်ဘာ (၂၉) ရက်နေ့က ကျင်းပခဲ့သည့်  စစ်ကောင်စီ အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၄င်းတို့တပ်ဖွဲ့ဝင်များအပြင် ပြည်ပမှ  Drone ပညာရှင်များ စုစုပေါင်းအင်အား (၆၅၀၀) နှင့် နည်းပညာ သာလွန်မှုကို အသုံးချကာ စစ်သုံးအဆင့်  Drone များဖြင့် Drop Bomb များ အသုံးပြုတိုက်ခိုက်သည့်အပြင် သာလွန်အင်အားများအသုံးပြု၍ စစ်ကောင်စီတပ်စခန်းများကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပြောဆိုခဲ့သည်။ ထို့အပြင် Drop Bomb များ အသုံးပြုမှုမှာ ယခုအချိန်ထိ အလုံးပေါင်း (၂၅,၀၀၀) ကျော်ခန့် အသုံးပြုခဲ့သလို ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အလုံး (၁၂၀) ခန့်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟုလည်း စွပ်စွဲပြောဆိုခဲ့ခြင်းဖြစ်သည်။

 

ညီနောင်မဟာမိတ်တို့၏ ထုတ်ပြန်ချက်များအရမူ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ အလွန်အကျွံသုံးကာ တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်မှာ စစ်ကောင်စီက ပိုမိုလုပ်ဆောင်နေခြင်းဖြစ်ပြီး ထိတွေ့တိုက်ပွဲများ အတွင်း အထိနာတိုင်း တိုက်ပွဲနှင့် မသက်ဆိုင်သည့် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများကိုလည်း စစ်ကောင်စီက မကြာခဏ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇‌) မှ ယမန်နေ့ (နိုဝင်ဘာ ၃၀) အထိ (၃၅) ရက်တာအတွင်းတွင် စစ်ကောင်စီသည် များစွာအထိနာလျက်ရှိပြီး ရှမ်းမြောက်တခွင်ရှိ မြို့ (၇) မြို့၊ တပ်စခန်း အကြီး၊ အသေးပေါင်း (၂၂၀) ကျော် လက်လွှတ်ဆုံးရှုံးထားရသလို သံချပ်ကာကား၊ ဟောင်ဝစ်ဇာ အမြောက်များအပြင် လက်နက်ခဲယမ်းအမြောက်အများကိုပါ လက်လွှတ်ဆုံးရှုံးထားရပြီလည်း ဖြစ်သည်။ ထို့အပြင် တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီတပ်သားများသည် အလွယ်တကူပင် လက်နက်ချ အညံ့ခံနေကြပြီး ညီနောင်မဟာမိတ်များထံ တပ်ရင်းလိုက် လက်နက်ချသည်မှာလည်း သုံးကြိမ် အထိ ရှိနေပြီဖြစ်သည်။

 

ဓာတ်ပုံ – Global New Light of Myanmar