မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ်နှင့် ဆိုင်ခန်း ၅၀ နီးပါးဆုံးရှုံး

Author အောင်နိူင်သူ
Categories
Published on Sep 11, 2022

မင်းပြားမြို့နယ် ပန်းမြောင်းစျေးတွင် ယနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းငါးဆယ်နီးပါး ဆုံးရှုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရသည်။

မင်းပြားမြို့နယ် မြအောင်ရပ်ကွက်ရှိ ဖုန်းဆိုင်မှ ယနေ့ နံနက် တစ်နာရီအချိန်မှ စတင်မီးလောင်ခဲ့ရာမှ အခြားနေအိမ်နှင့် ဆိုင်ခန်းတွေကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“တစ်နာရီကျော်ကျော်လေးမှာ မီးလောင်တာ ဖုန်းဆိုင်တစ်ဆိုင်က စလောင်တယ်လို့ ပြောတယ် ဆိုင်တန်းတစ်တန်းလုံး ပါသွားတယ် မိုးရွာနေလို့ပါ မဟုတ်ရင် တစ်ရွာလုံး ပါမှာ”ဟု ပြောသည်။

မီးစတင်လောင်ရာ ဖုန်းဆိုင်မှ ဖုန်းကိုအားသွင်းထားရာမှ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အခြားဆိုင်ခန်းတွေကိုပါ
မီးကူစက်လောင်ကျွမ်းခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အဆောင် ၁၅ ဆောင်နဲ့ ဆိုင်ခန်း ၃၄ ခန်းပါသွားတယ် ငါးဆယ်နီးပါးပေါ့ ပျက်စီးဆုံးရှုံးမှုများတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် မီးဘေးသင့်သူများကို ဘုန်းတော်ကြီးကျောင်းမှာ ယာယီနေထိုင်နေကြသည်ဟု ဒေသခံတွေဆီက သိရသည်။

အဆိုပါမီးလောင်မှုနှင့်ပါတ်သတ်၍ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနက ထုတ်ပြန်ခြင်းမရှိသေးပေ။