ညောင်ဇင်ကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ပျူစောထီများ ဝင်ရောက်ရမ်းကားပြီး ဒေသခံများ၏ ရွှေငွေပစ္စည်များကို လုယက်ပြီး ရွာကို မီးရှို့မည်ဟု ခြိမ်းခြောက်

Author မောင်ဒဂုံ
Categories
Published on Sep 11, 2022

ထားဝယ်မြို့၊ သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျေးရွာထဲသို့ စက်တင်ဘာ ၉ရက် ညပိုင်းက စစ်ကောင်စီတပ်များ စစ်ကား ၄စီးဖြင့် ရောက်လာကာ ဝင်ရောက်ရမ်းကားပြီး ဒေသခံများ၏ ရွှေငွေ ပစ္စည်းများကို လုယက်သွားကြောင်း သိရသည်။

စက်တင်ဘာ ၉ရက် ည ၉နာရီခွဲခန့်တွင် ပျူစောထီးနှင့် စစ်ကောင်စီ တပ်ဖွဲ့ ၃၀ကျော်သည် ညောင်ဇင်ကျေးရွာသို့ စစ်ကား ၄ စီးဖြင့် ဝင်ရောက်လာခဲ့သည်။

ထို့နောက် ဒေသခံများ၏ နေအိမ်များကို သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များထဲ ဝင်ရောက်ကာ ရွှေငွေများ၊ ဖုန်းများကို အတင်း အဓမ္မယူဆောင်သွားပြီး ဒေသခံတစ်ဦးကိုလည်း ရိုက်နှက်နှိပ်စက်ခဲ့သည်ဟု သိရသည်။

ပစ်ခတ်မှုများကြောင့် ဒေသခံအမျိုးသမီးတစ်ဦး၏ လက်မောင်းတွင် ကျည်ရှပ်ထိ ဒဏ်ရာလည်း ရခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ လုယက်မှုကြောင့် ဒေသခံများ၏ ငွေကျပ် သိန်းတစ်ရာကျော်၊ ရွှေငွေ ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူများကို ရွာလယ်သို့ ဖမ်းဆီးလာပြီး သပိတ်လှုပ်ရှားမှုများ ပြုလုပ််ပါက တစ်ရွာလုံးကို မီးရှို့မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။

စက်တင်ဘာ ၉ရက် ည၉နာရီဝန်းကျင်တွင် ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ၌ သရက်ချောင်းမြို့နယ်သပိတ်ကော်မတီဝင်များ ၊ အခြေခံပညာကျောင်းသားလူငယ်များ၊ အမျိုးသမီး၊ LGBT နဲ့ ပြည်သူအချို့ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးသီချင်းများဖွင့်ပြီး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

သပိတ်လှုပ်ရှားမှုအပြီး မိနစ် ၃၀ ခန့်အကြာအတွင် စစ်ကောင်စီနှင့် ပျူစောထီများက ညောင်ဇင်ကျေးရွာသို့ ဝင်ရောက်ရမ်းကား လုယက်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီတပ်များက လူထုသပိတ်လှုပ်ရှားမှုများကို အကြမ်းဖက်နှိမ်နင်းနေသော်လည်း သပိတ်များက ဆက်ရှိနေစဲဖြစ်ပြီး သြဂုတ်လအတွင်း သရက်ချောင်းမြို့နယ် အပါအဝင် တနင်္သာရီတိုင်း၌ လူထုသပိတ်လှုပ်ရှားမှု ၄၁ကြိမ် ရှိခဲ့ကြောင်း သိရသည်။
ပုံစာညွှန်း- ညောင်ဇင်ကျေးရွာအတွင်း ညသပိတ်ဆင်နွှဲနေပုံ (ပုံအဟောင်း)