စားဝတ်နေရေးအဆင်မပြေ၍ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံး၊နာရေးအတွက်ပါ ရပ်ကွက်မှ ဝိုင်းကူရ

Author အောင်နိူင်သူ
Categories
Published on Sep 10, 2022

ထားဝယ်မြို့ ဆန်းချီရပ်ကွက်တွင် ယနေ့ညနေပိုင်းက အသက်ကြီးပိုင်း အမျိုးသားတစ်ဦး စားဝတ်နေရေး မပြေလည်ဟုဆိုကာ ဆွဲကြိုး ချသေဆုံးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ထားဝယ်မြို့ ဆန်းချီရပ်ကွက် စျေးကလေးလမ်း၌ ယနေ့ညနေ သုံးနာရီက အသက်ကြီးပိုင်းအမျိုးသားတစ်ဦး အလုပ်အကိုင်အဆင်မပြေမှု စားဝတ်နေရေးကျပ်တည်းမှု့ကြောင့် မိမိကိုယ်ကိုဆွဲကြိုးချ သေသွားတာဖြစ်သည်ဟုရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“သူကပန်းရံလုပ်တာ အခုအလုပ်ကမရှိဘူး သားသမီးတွေကလဲများတော့ စိတ်ညစ်ပြီး အဆုံးစီရင်သွားတာဖြစ်မယ်စိတ်မကောင်းဘူးဗျာ”ဟု ပြောသည်။

သေဆုံးသူမှာ ဆန်းချီရပ်ကွက် စျေးကလေးလမ်းတွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ်ဦးတင်ထွန်း ဖြစ်သည်ဟု ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“အခုသေသွားတာတောင် မိသားစုက အသုဘချဖို့ ပိုက်ဆံမရှိဘူး ရပ်ကွက်ပဲစီစဥ်ပေးရမှာ ရက်လည်အထိပေါ့”ဟု
ပြောသည်။

သေဆုံးသူ၏ ရုပ်ခန္ဓာကို ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ ပရဟိတအဖွဲ့များ၏ အကူအညီဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိူင်ငံမှာ အလုပ်အကိုင်ရှားပါးမှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ အနာဂတ်ပျောက်ဆုံးမှုများကြောင့် အခြေခံလူတန်းစားများသည် ကြံရာမရသည့်အဆုံး မိမိကိုယ်ကို အဆုံးစီရင်နေကြသည့် ဖြစ်စဉ်များ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေခဲ့သည်။