ရေနံချောင်းမြို့နယ်တွင် ရိုဟင်ဂျာ ၁၅ ဦး ဖမ်းဆီးခံရ

Author အောင်နိူင်သူ
Categories
Published on Sep 10, 2022

ရေနံချောင်းမြို့နယ် တွင်းကုန်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် ရိုဟင်ဂျာ ၁၅ ဦးကို ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကောင်စီလက်အောက်ခံ နယ်မြေလှည့်ကင်းရဲများသည် ယနေ့ နံနက်လေးနာရီက ကင်းလှည့်ရာမှ ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ရဲကတော့ မသိဘူး သတင်းပေးက အဲ့အိမ်မှာ ရိုဟင်ဂျာတွေ ရောက်နေတယ်ဆိုပြီး ရဲတွေကို ခေါ်လာတာ အာကြောင့် မိသွားတာ”ဟု ပြောသည်။

ဖမ်းဆီးရသည့် ရိုဟင်ဂျာများမှာ အမျိုးသားခြောက်ဦး ၊ အမျိုးသမီးကိုးဦးနှင့်ကလေးငယ်တစ်ဦးတို့ဖြစ်ပြီး လက်မှတ်ကုန်းနယ်မြေရဲစခန်းက စစ်ဆေးနေသည်ဟု လဝကဦးစီးဌာနနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“အိမ်ရှင်က ထွက်ပြေးတော့ အခုသူတို့ကို စစ်ဆေးဖို့ခက်နေတယ် လဝကရုံးကတော့ သူတို့ဥပဒေနဲ့အမှုဖွင့်မှာလို့ပြောတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် အဆိုပါရိုဟင်ဂျာခြောက်ဦးကို ရေနံချောင်းမြို့မရဲစခန်းတွင် ချုပ်နှောင်ထားပြီး စစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့် သြဂုတ်လက မင်းတုန်းမြို့နယ်မှာလည်း ဖမ်းဆီးရမိခဲ့သည့် ရိုဟင်ဂျာ ၁၆ ဦးကို မင်းတုန်းမြို့နယ်တရားရုံးမှာ လဝကဥပဒေဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။