မတူပီတွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်(၈)ဦးအပါအဝင် အရပ်သား(၁၁)ဦးသေဆုံး

Author မောင်ထူးဆန်း
Categories
Published on Nov 17, 2023

ချင်းပြည်နယ်၊ မတူပီမြို့နယ်ရှိ ဝေလူးကျေးရွာအပေါ်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ နိုဝင်ဘာ (၁၅)ရက်နေ့ ညနေ ၆ နာရီခန့်က စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စင်းဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၈)ဦး အပါအဝင် အရပ်သား (၁၁)ဦး သေဆုံးခဲ့သည့်အပြင် ကလေးငယ် (၁)ဦးအပါအဝင်(၄)ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

 

ထို့ပြင် ဘုရားကျောင်း (၁)ဆောင်၊ စာသင်ဆောင် (၂)ဆောင်နှင့် နေအိမ် (၂၂)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း NUG ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ တိုက်လေယာဉ်နှစ်စင်း အနက် (၁)စင်းမှ နိုင်ငံတကာတွင် အသုံးပြုခွင့် ကန့်သတ်ထားသော Cluster Bomb(ဆင့်ပွားပြန်လည်ပေါက်ကွဲသည့် ဗုံး)ဖြင့် ကြဲချခဲ့ပြီး ကျန်တစ်စင်းမှ စက်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု NUG ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ (၇) ရက်နေ့ ညနေပိုင်းကလည်း ချင်းပြည်နယ် မင်းတပ်မြို့အပေါ်သို့ စစ်ကောင်စီမှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် နေအိမ်(၁၃)လုံးအပါအဝင် ဘာသာရေးအဆောက်အအုံ (၄)လုံးနှင့် စာသင်ကျောင်း(၂)ဆောင် ပျက်စီးခဲ့ရကြောင်း သိရသည်။