ဧရာဝတီတိုင်းအတွင်း မိန်းကလေးများ ဘောင်းဘီတိုဖြင့် စက်ဘီးစီးလျှင် ဒဏ်ငွေတစ်သောင်းကျပ်အတွင်းခံအင်္ကျီမပါဘဲ အပြင်ထွက်မိလျှင် ဒဏ်ငွေတစ်သောင်းခွဲအဖြစ် စစ်ကောင်စီမှ ငွေညှစ်နေ

Author စကားဝါ
Categories
Published on Nov 09, 2023

စစ်ကောင်စီမှ ခြေကုပ်ရယူထားနိုင်သေးသည့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များတွင် မိန်းကလေးများ ဘောင်းဘီတိုဖြင့် စက်ဘီးစီးနင်းလျှင် ဒဏ်ငွေတစ်သောင်းကျပ် အတွင်းခံအင်္ကျီမပါဘဲ အပြင်ထွက်မိလျှင် ဒဏ်ငွေ တစ်သောင်းခွဲကျပ်အဖြစ် စစ်ကောင်စီမှ အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးကာ ငွေတောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။

မြောင်းမြမြို့တွင် နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ကာ စစ်ကောင်စီမှ အဖွဲ့လိုက် ရွေ့လျားစနစ်ဖြင့် စက်ဘီး၊ ဆိုင်ကယ် ၊မော်တော်ယာဉ်နှင့် ထော်လာဂျီများအား ဖမ်းဆီးနေလျှက်ရှိနေပြီး စက်ဘီးများတွင် ဘဲလ်တပ်ဆင်ထားမှုမရှိခြင်း၊ ခြေနင်းနှင့် နောက်သဲကာတွင် ရောင်ပြန်ပြားများ မတပ်ထားခြင်းများတွေ့ရှိပါက ဖမ်းဆီးကာ တရားရုံးသို့ ပို့ဆောင်နေကြောင်း၊ ဆိုင်ကယ်များတွင် သတ်မှတ်လိုင်စင်နှင့် ဆိုင်ကယ်ဦးထုတ်များ ဝတ်ဆင်ထားပါကလည်း လေပေါင်ချိန်တိုင်းကာ လေပေါင်ချိန်မပြည့်မှီပါက ဖမ်းဆီးခြင်း၊ အချက်ပြမီးစနစ်များ ပျက်စီးနေပါက ဖမ်းဆီးခြင်း၊ ဆိုင်ကယ်တာယာများ ပန်းပါးနေပါက ဖမ်းဆီးခြင်းများ လုပ်ဆောင်ကာ တရားရုံးသို့ ပို့ဆောင်နေကြောင်း၊ ဟိုက်ဂျက်မော်တော်ယာဉ်များနှင့် ထော်လာဂျီများအနောက်ဘက်တွင် လူများထိုင်စီးလာပါက ဖမ်းဆီးကာ တရားရုံးသို့ ပို့ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“ဆိုင်ကယ်က ပစ္စည်းအစုံပါတယ် လေပေါင်မပြည့်လို့ဆိုပြီး တရားရုံးပို့တယ်၊ တရားရုံးရောက်တော့ ဘာမှလည်း မစစ်ဘူး တစ်သောင်းခွဲပေးဆိုလို့ ပေးခဲ့ရတယ်၊ အမျိုးသမီးတွေလည်း တွေ့ခဲ့တယ် ဘရာစီယာမဝတ်လို့ တစ်သောင်းခွဲ ဘောင်းဘီတိုဝတ်ပြီး စက်ဘီးစီးလို့ တစ်သောင်းခွဲဆိုပြီး တောင်းလို့ လာပြီးပေးရတာ”ဟု မြောင်းမြမြို့ ဒေသခံတစ်ဦးက ပြောသည်။

ပုသိမ်မြို့တွင်လည်း စစ်ကောင်စီတပ်မှာ အလားတူ ဖမ်းဆီးမှုများ လုပ်ဆောင်နေခဲ့ပြီး တရားရုံးသို့ ပို့ဆောင်မှုများ မရှိသော်လည်း စစ်ဆေးရေးအဖွဲ့မှ ငွေကြေးတောင်းခံနေကြောင်း၊ ထို့အပြင် လိင်စိတ်ခံယူမှု ကွဲပြားသူ LGBTများအား ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်ကာ ငွေကြေးတောင်းခံမှုများ ပိုမိုလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

“ဂါဝန်လေးဝတ်ပြီး ဆိုင်ကယ်မောင်းမိတာ သူတို့က ဖမ်းပြီး အခြောက်မ ဘာညာနဲ့ ဆဲတယ်၊ လိုင်စင်လည်းပါတော့ နင့်လိုင်စင်က ယောင်္ကျားလိုင်စင် နင်က ဘာကောင်မလည်း ဆွဲချွတ်ပြီး –(လိင်မှုကိစ္စစော်ကားသည့် စကားရပ်) လွှတ်လိုက်ရမလားတွေရော ရိုင်းရိုင်းစိုင်းစိုင်းပြောတယ်၊ ငိုမိတော့ ထပ်ဆဲခံရတယ် ပိုက်ဆံသုံးသောင်းတောင်းတော့ ပေးခဲ့ရတယ်”ဟု ပုသိမ်မြို့သို့ ခရီးသွားလာရာတွင် စစ်ကောင်စီမှ ဖမ်းဆီးခြင်းခံခဲ့ရသူ လိင်စိတ်ခံယူမှု ကွဲပြားသူတစ်ဦးကပြောသည်။

စစ်ကောင်စီသည် စိုးမိုးနယ်မြေများ လျော့ကျလာပြီးနောက် ၎င်းတို့ စိုးမိုးထားနိုင်သည့် နယ်မြေများတွင် ပြည်သူများအား ပိုမိုဖိနှိပ်ကာ ငွေကြေးတောင်းရမ်းမှုများ ဆထက်တပိုး လုပ်ဆောင်နေလျှက်ရှိနေသည်။