စားစရိတ် တစ်ရက် ၉၇၅ကျပ်ဖိုးသာ ထောက်ပံ့ထား၍ ထားဝယ်အကျဥ်းသားများ ကန်စွန်းဥရွက် ရေလုံပြုတ်သာ အများဆုံး စားနေရ

Author မောင်ဒဂုံ
Categories
Published on Sep 08, 2022

 

ကုန်စျေးနှုန်းများ အဆမတန် ကြီးမြင့်နေပေမယ့် အာဏာသိမ်း စစ်ကောင်စီက အကျဥ်းသားများအတွက် နေ့စဥ် စားစရိတ်ကို ၉၇၅ကျပ်ကနေ တိုးမပေးသဖြင့် ထားဝယ် အကျဥ်းထောင်မှ အကျဥ်းသားများ တစ်ပတ်လျင် ငါးရက်ခန့် ကန်းစွန်းဥရွက် ရေလုံပြုတ်နှင့် ကြက်ဥပြုတ်ကိုသာ စားသောက်နေရကြောင်း သိရသည်။

ထားဝယ်အကျဥ်းထောင်၌ နေ့စဥ် ထမင်းသုံးကြိမ် ကျွေးရာတွင် အကျဥ်သားများအတွက် နံနက်စာသည် ထမင်းကို ပြုတ်ထားသည့် ဆန်ပြုတ်နှင့် ထမင်းကို နနွင်းဖြင့် နယ်ထားသည့် ထမင်းကြော်တို့ ကို အလှည့်ကျ စားသောက်ရခြင်း ဖြစ်သည်။

နေ့လည်စာအတွက် နေ့စဥ် ထမင်းကို အသီးအရွက်မပါသည့် ပဲဟင်းအရည်ကြဲဖြင့် မျှောချနေရသည်။ ခြစားနေသည့် စနစ်ဖြစ်၍ အကြီးအကဲများ ထောင်သို့ လာသည့် ရက်များတွင်မူ ပဲဟင်းထဲ အသီးအရွက် အနည်းငယ် ပါလာလေ့ရှိကြောင်း သိရသည်။

ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသားများအတွက် ထောင်က ကျွေးသည့် ညစာတွင်မူ အသားဟင်း တစ်ပတ် သုံးရက် ပါဝင်သည်ဟု ဆိုသည်။

“ညစာကိုတော့ ညနေ ၄နာရီမှာကျွေးပါတယ်။ ညစာအတွက်ကတော့ တစ်ပတ်ကို ကြက်သား (၂) ရက် ၊ ငါး (၁) ရက် နဲ့ ကြက်ဥ (၁)ရက် စားရပါတယ်။ ကျန်တဲ့ သုံးရက်ကတော့ ကန်စွန်းဥအပင်ရဲ့ အရွက်ကို ပြုတ်ပြီးကျွေးပါတယ်။” ဟု ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ယက်က ဆိုသည်။

သို့သော် လက်ရှိကာလတွင် အခြေခံ စားသောက်ကုန်စျေးနှုန်းများ ယခင်ကထက် နှစ်ဆ သုံးဆမျှ ကြီးမြင့် လာနေသော်လည်း အာဏာသိမ်း စစ်ကောင်စီက အကျဥ်းသားများအတွက် နေ့စဥ် စားစရိတ်ကို ယခင်အတိုင်း ၉၇၅ကျပ်သာ ထောက်ပံ့ပေးထားသည်ဟု သိရသည်။

စစ်ကောင်စီ ပေးသည့်အတိုင်း ထောင်အာဏာပိုင်များကလည်း တွက်ချက်ကျွေးမွေးသဖြင့် ထားဝယ်အကျဥ်းထောင်မှ အကျဥ်းသားများသည် ကြက်ဥ ပုံမှန် ၃လုံး ရခဲ့ရာမှာ ယခုအခါ ကြက်ဥ ၂လုံးသာ ရတော့သည်။

အလားတူ စားရသည့် ကြက်သားတုံးများလည်း သေးငယ်သွားကာ မလတ်ဆတ်တော့သည့် ငါးများကို သာ စားသုံးနေရသည့် အဖြစ်ကို ရောက်သွားကြောင်း သိရသည်။

“အခုလက်ရှိမှာတော့ တစ်ပတ်မှာ ၂ရက်စားရတဲ့ ကြက်သား တစ်တုံးရဲ့အရွယ်အစားဟာ အရမ်းကိုသေးငယ်သွားပါတယ်။ ဒါ့အပြင် အရင်က ကြက်ဥ ၃ လုံးရရှိရာမှာ အခု ၂ လုံးပဲရရှိပါတော့တယ်။ ငါးကိုလည်း မလတ်ဆတ်တဲ့ ငါးတွေပဲရရှိပါတော့တယ်။” ဟု ထားဝယ်နိုင်ငံရေး အကျဥ်းသားများ ကွန်ယက်က ဆိုသည်။

ပြင်ပတွင် ကြက်ဥ တစ်လုံးလျင် ယခင် အာဏာမသိမ်းမီက ကျပ် ၁၀၀ သာ ရှိခဲ့ရာမှ ယခုအခါ ကျပ် ၂၅၀၊ ၃၀၀ ထိရောက်လာခဲ့ပြီး ကြက်သား တစ်ပိဿလျှင် ကျပ် ငါးထောင်ဝန်းကျင်မှ ကျပ် တစ်သောင်းဝန်းကျင်သို့ စျေးနှုန်းများ ခုန်ပျံ မြင့်တက်နေကြောင်း သိရသည်။

ထားဝယ်အကျဥ်းထောင်၌ အကျဥ်းသားအချုပ်သား စုစုပေါင်း ၁၁၀၀ ဦးဝန်ကျင်ရှိပြီး ၄င်းတို့ထဲတွင် နိုင်ငံရေးအကျဥ်းသား ၄၀၀ ဝန်းကျင်လည်း ပါဝင်ကြောင်း သိရသည်။
#ထားဝယ်အကျဉ်းထောင် #ရေလုံပြုတ်ဖြင့်ထမင်းကျွေး #နိုင်ငံရေးအကျဉ်းသားများ