၁၀၂၇ စစ်ဆင်ရေး ငါးရက်မြောက်နေ့တွင် စစ်ကောင်စစ်တပ်စခန်း (၇) ခု ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့်အတွက် သိမ်းယူနိုင်ခဲ့သည့် စခန်းပေါင်း (၈၇) ခုရှိပြီဟု MNDAA ဆို

Author CJ Platform
Categories
Published on Nov 01, 2023

၁၀၂၇ စစ်ဆင်ရေး ငါးရက်မြောက်နေ့ဖြစ်တဲ့ မနေ့က (အောက်တိုဘာ ၃၁) တစ်ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း (၇) ခုကို ထပ်မံတိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့အတွက် စစ်ဆင်ရေးကာလအတွင်း MNDAA သိမ်းယူနိုင်ခဲ့တဲ့ စခန်းပေါင်း (၈၇) ရှိပြီလို့  The Kokang ဖော်ပြချက်အရ သိရပါတယ်။

 

မနေ့က သိမ်းယူနိုင်ခဲ့တဲ့ စခန်း(၇) ခုဟာ ကိုးကန့်ခရိုင် တုန်ရှမ်းဒေသ၊ ရှမ်းဝမ်းဒေသ၊ မူပန် (သိန္နီ) ဒေသ၊ မုန်းကိုးခရိုင် ဟုတ်ကျီကျင့်ဒေသက စစ်ကောင်စီ တပ်စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းဝမ်းဒေသ၊ ရှင်ဖင်ကိုင်ရွာ တရုတ်ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီတပ်သား (၇) ဦးချေမှုန်းနိုင်ခဲ့ပြီး မူပန် (သိန္နီ) ခရိုင် ဟိုပန်ကျေးရွာအုပ်စု မိုင်းတင်ရော်ဘာ‌တောင်ကုန်းမှာ စစ်ကောင်စီနှင့် ပြည်သူ့စစ် (၅) ဦး ချေမှုန်းနိုင်ခဲ့ကာ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် (၁၆) ဦးကို ဖမ်းဆီးရမိခဲ့ပြီး (၃) ဦးမှာ ဒဏ်ရာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တစ်ရက်တာ စခန်း (၇) ခုသိမ်းယူနိုင်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံကနေ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံကိုလည်း အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ ပုံနဲ့တကွထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ Operation 1027- 3BHA ရဲ့ ထုတ်ပြန်ချက်အရ အောက်တိုဘာ (၃၁) ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့  ရက္ခိုင့်တပ်တော်(AA) ပူးပေါင်းတပ်တွေသိမ်းယူနိုင်ခဲ့တဲ့ မြစ်ကြီးနား -ဗန်းမော်ကားလမ်းအနီးက “ကန်တောင်ယန်” (ဂန်ဒေါင်ယန်) စခန်းနဲ့ နမ္မတူမြို့နယ် မုံးမော် နမ့်ဟိုင်းမှာတပ်စွဲထားတဲ့ ခလရ (၃၂၄) စခန်း ‌၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေ သိမ်းယူနိုင်ခဲ့တဲ့ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ သိန္နီနဲ့ ကွတ်ခိုင်နယ်မြေတွေထဲက စခန်းငါးခုကိုပါ စာရင်းထည့်တွက်မယ်ဆိုရင် အောက်တိုဘာ (၃၁) တစ်ရက်ထဲမှာ စစ်ကောင်စီက စခန်း (၁၄) ခု လက်လွှတ်လိုက်ရပြီး ၁၀၂၇ စစ်ဆင်ရေး ငါးရက်တာအတွင်း လက်လွှတ်လိုက်ရတဲ့ စခန်း အရေအတွက်ဟာ (၉၄) ခုအထိရှိနေပြီ ဖြစ်ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး ငါးရက်တာအတွင်း စစ်ကောင်စီဟာ စခန်း တစ်ရာနီးပါး လက်လွှတ်ထားရပြီ ဖြစ်သလို မနေ့က တစ်ရက်တည်းအတွင်းမှာပဲ ကွမ်းလုံတောင်ပိုင်း ကံမိုင်းဒေသအခြေစိုက် ခလရ (၁၄၃) တပ်ရင်းက ဒု-တပ်ရင်းမှူး (၁)ဦး၊ ဒုတပ်ခွဲမှုး (၂) ဦးပါဝင်တဲ့ စစ်ကောင်စီတပ်သား(၄၁) ဦးဟာ ညီနောင်မဟာမိတ်တပ်ဖွဲ့တွေထဲ လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။ ဒါ့အပြင်  ကွမ်းလုံပြည်သူ့စစ် (၁၅) ဦးကလည်း စစ်ကောင်စီလက်ကနေ ထွက်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေထဲ အလင်းဝင်ရောက်တဲ့ ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ အထိနာနေတဲ့ စစ်ကောင်စီဟာ ရှမ်းမြောက်တခွင်မှာ လေကြောင်းတိုက်ခိုက်မှု အမြောက်အမြား ပြုလုပ်နေပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့ တောက်လျှောက် စစ်ရေးတင်းမာလျက် ရှိပါတယ်။