ရန်ကုန်မှာ ရေဘေးကြုံခဲ့ရသည့် ပြည်သူများ စစ်ကောင်စီထံမှ မည်သည့်အကူအညီမျှ မရ

Author ကိုထက်
Categories
Published on Oct 24, 2023

ရန်ကုန်တိုင်းအတွင်း ရေဘေးကြုံခဲ့ရသည့် ပြည်သူများသည် စစ်ကောင်စီထံမှ ကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေးပစ္စည်း၊ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများအပါအဝင် အကူအညီတစ်စုံတစ်ခုမျှ မရရှိခဲ့ကြောင်း ဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသည့် ပြည်သူများက ပြောသည်။

 

အောက်တိုဘာ လဆန်းပိုင်းမှစပြီး ရန်ကုန်၏ မြို့နယ်အချို့ဖြစ်သော လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်များတွင် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့ရသည်။

 

“အကူအညီတွေက နေရာရွှေ့ပြောင်းပေးတာတို့ဘာတို့တော့ မီးသတ်က လာလုပ်ပေးပါတယ်။ တခြားစားစရာ၊ သောက်ရေ၊ ဆေးဝါးကျတော့ ဘာတစ်ခုမှ သူတို့ဆီကရောက်မလာဘူး။ ပရဟိတအဖွဲ့လေးတွေပဲ တစ်ခုပြီးတစ်ခု လာကူညီကြတာ။ အခုတော့လည်း ရေလည်းပြန်ကျနေပြီဆိုတော့ ကိုယ့်အိမ်ကိုယ်ပြန် အလုပ်လုပ်လို့တော့ ရပါပြီ” ဟု လှည်းကူမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

 

အချို့နေရာများတွင် ရေမကျသေးသည့်အတွက် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီများမှာလည်း လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။

 

“အခုလိုရေဘေးကြုံနေတဲ့အခါမှာပေါ့။ ရပ်ကွက်ကအုပ်ချုပ်ရေးမှူးကအစ ဘယ်နေရာတွေ ရေဘယ်လောက်ကြီးနေတယ်။ ဘာအကူအညီတွေပေးရမလဲဆိုတာ တစ်ချက်ကလေးတောင်လာမကြည့်ဘူး။ ပရဟိတအဖွဲ့တွေနဲ့ ကိုယ့်ပြည်သူအချင်းချင်းက ဖေးမကူနေလို့သာပေါ့။ သူတို့(စစ်ကောင်စီ)ဆီက ဘာမှအကူအညီမရပါဘူး” ဟု အရှေ့ဒဂုံမြို့နယ်၊ ၁၃၆ရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့ကစတင်ပြီး ငမိုးရိပ်ဆည် ရေပိုလွှဲ ရေလျှံခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရန်ကုန်တိုင်းအတွင်းရှိ လှည်းကူးနှင့် အရှေ့ဒဂုံ (မြို့နယ်)များတွင် ရေကြီးနစ်မြုပ်မှု အများဆုံးဖြစ်ခဲ့ရကြောင်း ယင်းဒေသခံများထံမှ သိရသည်။

 

ယခုအခါ ရေများ‌နေရာအတော်များများတွင် ပြန်ကျနေပြီဖြစ်သော်လည်း အချို့နေရာများတွင် အကူအညီများ ဆက်လက်လိုအပ်နေဆဲဖြစ်ကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

ထို့ပြင် နှစ်ပေါင်း ၆၀ အတွင်း အဆိုးရွားဆုံးရေဘေးနှင့်ကြုံတွေ့ခဲ့ရသော ပဲခူးမြို့ ရေဘေးဒုက္ခသည်များသည်လည်း စစ်ကောင်စီထံမှ မည်သည့်အကူအညီမျှရရှိခြင်းမရှိခဲ့ဘဲ ပရဟိတအဖွဲ့များနှင့် အလှူရှင်ပြည်သူများ၏ ထောက်ပံ့ကူညီမှုသာရရှိခဲ့ကြောင်း သိရသည်။

 

ယခု ရေကျပြီးနောက် ပြန်လည်ထောင်ရေးအတွက်လည်း ပဲခူးမြို့ခံများ ကိုယ်တိုင်သာ ရုန်းကန်နေရကြောင်း ယင်းဒေသခံများထံမှ သိရသည်။