ကိုဗစ်ရောဂါနှင့် ၇ တန်းကျောင်းသူတစ်ဦး သေဆုံး စစ်ကောင်စီက ကျောင်းမပိတ်ဘဲ ဆက်ဖွင့်နေ

Author အောင်နိူင်သူ
Categories
Published on Sep 06, 2022

အုတ်တွင်းမြို့နယ် အထက်တန်းကျောင်းတစ်ခုတွင် စာသင်နေရင်း ၇တန်ကျောင်းသူတစ်ဦးသေဆုံးခဲ့ရာ ကျန်းမာရေးစစ်ဆေးကြည့်ရာ၌ ကိုဗစ်ရောဂါဖြစ်ပွားနေသည်ကို တွေ့ရှိရသော်လည်း စစ်ကောင်စီက ကျောင်းကိုပိတ်တာမရှိဘဲ ဆက်လက်စာသင်နေ၍ ဒေသခံ စိုးရိမ်ထိတ်လန့်နေကြသည် ဟုမြို့ခံတွေဆီက သိရသည်။

ယမန်နေ့ နံနက်ဆယ်နာရီက ၇ တန်းကျောင်းသူတစ်ဦး မူးလဲ၍ အုတ်တွင်းမြို့ ဆေးခန်းမှ တောင်ငူဆေးရုံကြီးသို့ပို့ခဲ့ရာ မသက်သာသဖြင့် နေပြည်တော် ခုတင် ၁၀၀၀ဆေးရုံသို့ ထပ်လွဲခဲ့ပြီးနောက် သေဆုံးခဲ့တာဖြစ်သည် ဒေသခံပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကလေးက စာသင်နေရင်း မူးလဲတာ အုတ်တွင်းဆေးရုံကိုပို့တော့ တောင်ငူကိုလွဲတယ် အဲ့ကနေ နေပြည်တော် ခုတင်
၁၀၀၀ ကိုလွဲတာ ကလေးက အောက်ဆီဂျင်ကျနေပြီ ဟိုရောက်တော့ ဆုံးသွားပြီ ချက်ချင်းသင်္ဂြိုဟ်တယ် ဘာကြောင့်လဲ မေးတော့ ကိုဗစ်နဲ့ဆုံးသွားတာလို့ ပြောတယ်”ဟု ရှင်းပြသည်။

သေဆုံးခဲ့သည့် ကလေးငယ်မှာ အုတ်တွင်းမြို့ အထက်တန်းကျောင်း Grade 8 မှ ကျောင်းသူတစ်ဦးဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ရှိကာ ကြက်သွန်ခင်း ၂ ရပ်ကွက်တွင်နေထိုင်သူဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“ကျန်းမာရေးဘက်က အကောင်ကိုက်ခံရတယ်ဆိုပြီး သတင်းဖြန့်ပြီး ကျောင်းဆက်ဖွင့်တယ် နေပြည်တော်ခုတင်
တစ်ထောင်က ကိုဗစ်နဲ့သေလို့ ချက်ချင်းသဂြိုလ်တယ်ဆိုတော့ ဖြစ်စဥ်ကလွဲနေတယ် စစ်တပ်က ကျောင်းကိုမပိတ်ဘူး ဆက်ဖွင့်နေတယ် မိဘတွေက စိုးရိမ်နေကြတယ် ထပ်ကူးမှာစိုးလို့”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ကိုဗစ်ရောဂါနှင့်သေဆုံးသွားသည့် ကျောင်းသူနေထိုင်ရာ အိမ်ကိုအသွားအလာကန့်သတ်
ထားပြီး မိဘနှစ်ဦးအပါအဝင်ဆက်စပ်သူ ၁၀ ဦးကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကိုဗစ်ပိုးစစ်ဆေးနေသည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

“မိဘတွေရော ကျန်တဲ့ရှစ်ဦးစလုံးက ပိုးမတွေ့ဘူးလို့ အုပ်ချုပ်ရေးပိုင်းကပြောတယ် သူတို့ဆယ်ယောက်ကလည်း
ဟုတ်တယ်ပြောတယ် ကျွန်တော်တို့က ကလေးတွေအတွက်စိုးရိမ်လို့ ကျောင်းကိုခေတ္တပိတ်စေချင်တာ”ဟု ပြောသည်။

ကျောင်းသားမိဘများ စိုးရိမ်ပူပန်နေပေမဲ့ စစ်ကောင်စီ၏ ညွှန်န်ကြားချက်အရ အုတ်တွင်းမြို့ အထက်တန်းကျောင်းကို ဆက်လက်ဖွင့်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်နေ့ကလည်း ပဲခူးမြို့မှာ ကိုဗစ်ရောဂါနှင့်အမျိုးသား ၁ ဦးသေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။
#Covid #အုတ်တွင်းမြို့ #ကျောင်းသူတစ်ဦးကိုဗစ်ဖြင့်ဆုံးပါး #ကျောင်းမပိတ်