မင်းတပ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ကလေးငယ်နှစ်ဦး ဒဏ်ရာရ

Author မင်းထက်
Categories
Published on Oct 01, 2023

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံ
နေအိမ်များ ပျက်ဆီးခဲ့ရသကဲ့သို့ ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chin Defence Force – Mindat ထံမှ သိရသည်။

ယင်းမြို့နယ် အခြေစိုက်စစ်တပ် ခလရ ၂၇၄ မှ စက်တင်ဘာ ၂၉ ရက် နံနက် ၆ နာရီခန့်တွင် စစ်ကောင်စီတပ်က မင်းတပ်မြို့နယ် တိုက်နယ် (၄) ဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အသက် ၁၇ အရွယ်မိန်းကလေးတစ်ဦးနှင့် ၁၀ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ဒဏ်ရာရကလေးတွေကို ကျန်းမာရေးဌာနနဲ့ CDF-Mindat ဆေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်း ကုသကူညီပေးကြပါတယ်။ ဒဏ်ရာအတိမ်အနက်ကို တိတိကျကျ မသိရသေးပါဘူးခင်ဗျ။ မင်းတပ်မြို့ထဲမှာဆို နှစ်ဖက်ထိတွေ့တိုက်ပွဲအချို့ရှိခဲ့ရာမှာ စကစဘက်က အထိနာသေဆုံးမှုတွေရှိလို့ အရပ်သားပြည်သူတွေနေတဲ့ ကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသန်း တုန့်ပြန်တယ်လို့ ထင်ရတယ် ” ဟု Chin Defence Force – Mindat မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

ယင်းမြို့နယ် CDF ထိန်းချုပ်နယ်မြေ၊ ကျေးရွာများသို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းမထိုးနိုင်သည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်လည်းကောင်း၊ လေကြောင်းဖြည့်လည်းကောင်း ရမ်းသန်း ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်သည့်အတွက် အရပ်သားပြည်သူများထိခိုက်သေဆုံးမှု
ဖြစ်ပေါ်နေရကြောင်း CDF-Mindat က ဆိုသည်။

ထိုသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများရှိသည့်အတွက် မင်းတပ်မြို့နယ် ပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ပေးကြပါရန် CDF-Mindat က အသိပေးထုတ်ပြန်ထားသည်။