မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ် ပြင်ရှည်ရွာရှိ သက်ကယ်ပြင် ဒုက္ခသည်စခန်း ပျက်စီးမှုများရှိခဲ့

Author အိုင်လာ
Categories
Published on Sep 21, 2023

ရခိုင်ပြည် စစ်တွေမြို့ ပြင်ရှည်ကျေးရွာရှိ သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင် စက်တင်ဘာလ ၂၀ရက်နေ့ မနက် ၅နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စခန်းအတွင်းရှိ နေအိမ်များ အမိုးလန်ပျက်စီးခြင်း၊ ပြိုကျပျက်စီးခြင်းနှင့် စားနပ်ရိက္ခာများ ရေစိုပျက်စီမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းစခန်းအနီးရှိ ပြင်ရှည်ကျေးရွာတွင် နေထိုင်သူများမှ CJ Platform ထံ သတင်းပေးပို့သည်။

စက်တင်ဘာလ ၁၇ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် စက်တင်ဘာလ ၂၀ရက်နေ့တွင် လေပြင်းများပါတိုက်ခတ်ခဲ့ပြီး စခန်းအတွင်း ရေများဝင်ရောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပျက်စီးဆုံးရှုံးမှုများ ရှိလာခဲ့ခြင်းဖြစ်ပြီး စားနပ်ရိက္ခာ အရေးပေါ် အကူညီနှင့် နေအိမ်များပြန်လည် ပြင်ဆင်နိုင်ရန်အတွက် အကူညီများစွာ လိုအပ်နေကြောင်း သိရသည်။

“ကျွန်တော်မျှော်လင့်တာကလေ အဲ့စခန်းမှာရှိနေတဲ့ လူတွေအတွက် အစားသောက်လေးပါပဲ ၊အရင်ကတော့ စားနပ်ရိက္ခာကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့စည်းတွေရှိတယ်၊အခုက သိတဲ့အတိုင်းပဲ နိုင်ငံရေးအခြေနေကို ၊အဲ့စခန်းမှာ ကျွန်တော့် ဆွေမျိုးတွေလည်းရှိ တယ်၊ သူတို့က ပညာမဲ့ကြတယ်လေ ဘာမှ မလုပ်တတ် ၊မသိကြဘူး၊ တခါတလေ အခုလိုအခြေနေဆို ငတ်တဲ့နေ့တွေတောင်ရှိတယ်၊ရွာနီးစပ်တွေကို သွားလာဖို့လည်း ခက်ခဲတယ်၊ ဘာလို့ဆို အဲ့စခန်းမှာ အသက်ကြီးရွယ်၊ ကိုယ်၀န်သည်၊ မသန်စွမ်း ၊ကလေးသူငယ်တွေ ၊တခြား ရောဂါသည်တွေ အများကြီးရှိနေတာလေ လူကောင်းတွေတော့ ရရာအလုပ်လေး ထွက်လုပ်ပေမဲ့ နိုင်ငံရေးအခြေနေကြောင့် အဆင်မပြေကြတာ များပါတယ်ဗျာ”ဟု ပြင်ရှည်ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

ယင်း ဒုက္ခသည်စခန်းတွင် လူဦးရေ ၅၀၀၀ဝန်းကျင်နေထိုင်နေပြီး ထောက်ပံ့ကူညီပေးမည့် အဖွဲ့အစည်းများ အရေးပေါ်လိုအပ်နေလျှက်ရှိနေကြောင်း သိရသည်။