မတ္တရာတွင် တော်လှန်ရေးတပ်အချင်းချင်းပစ်ခတ်မှုဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

Author ခေတ်နီ
Categories
Published on Sep 14, 2023

မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုး(NUG) လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့အကြား အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁၃ ရက်နေ့ညပိုင်းတွင် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအနီး၌ NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့နှင့် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်းတစ်ခုတို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုပစ်ခတ်မှုအတွင်း NUG ရဲတပ်ဖွဲ့မှ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ တစ်ဦးလက်နက်နှင့် ပျောက်ဆုံးနေကြောင်း သိရသည်။

“ကျနော်သိသလောက်က ရင်း ၅၁၀ က မြွေပုံကန်မှာ ဒလန်ဝင်ဖမ်းတာ အဲဒါကို ရဲတပ်ဖွဲ့ဘက်က အသိမပေးဘဲ နယ်မြေထဲဝင်လာလို့ဆိုပြီး ပစ်ကြခတ်ကြတာလို့ကြားတယ်။ ထိတဲ့ရဲတစ်ယောက် CDM ရဲလို့သိရတယ်။ အသေးစိတ်ကတော့ လိုက်နေတုန်းပဲ” ဟု CJ Platform သတင်းဌာန၏ သတင်းရင်းမြစ်က ဆိုသည်။

ထိုပစ်ခတ်မှုသည် တပ်အချင်းချင်း နားလည်မှုလွဲမှားရာမှ မှားယွင်းပစ်ခတ်မှုဖြစ်နိုင်ကြောင်းနှင့် အတိအကျမသိရှိရသေးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူတစ်ဦးက ဆိုသည်။

ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရှိသူနှစ်ဦးသည်လည်း လက်ရှိတွင်စိုးရိမ်ရသည့်အခြေအနေတွင်မရှိကြောင်း တပ်ရင်း ၅၁၀ နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

ထိုပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် NUG လက်အောက်ခံ မတ္တရာမြို့နယ်ရဲတပ်ဖွဲ့နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တပ်ရင်း ၅၁၀ တို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေတို့ထံ ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန် ဖြေဆိုခြင်းမရှိသေးပေ။