မုံရွာထောင်တွင်း နိုင်ကျဥ်းများ၏ အစာငတ်ခံဆန္ဒပြသပိတ် အောင်မြင်

Author ခေတ်နီ
Categories
Published on Sep 13, 2023

စစ်ကိုင်းတိုင်း မုံရွာအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ၏ အစာငတ်ခံ ဆန္ဒပြတောင်းဆိုမှုများကို ထောင်အာဏာပိုင်များဘက်မှ လိုက်လျောမှု ရရှိခဲ့ကြောင်း မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီထံမှ သိရသည်။

မုံရွာအကျဥ်းထောင်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က ဌာနပေါင်းစုံ အထူးရှာဖွေရေး လုပ်ဆောင်ပြီးနောက် အကျဥ်းသားများ၏ တကိုယ်ရေသုံးပစ္စည်းများအား အာဏာပိုင်များမှ သိမ်းဆည်းသွားခြင်းကြောင့် ၎င်းပစ္စည်းများအား ပြန်လည်ပေးအပ်ရန် နိုင်ငံရေးအကျဥ်းများမှ တောင်းဆိုချက် လေးချက်ဖြင့် အစာငတ်ခံတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ အစာငတ်ခံ ဆန္ဒပြမှုကို နိုင်ငံရေးအကျဥ်းသား ၅၀ ဦးခန့် ပူးပေါင်းပါဝင်ခဲ့ပြီး ဆန္ဒပြစဥ်အတွင်း နိုင်ငံရေးအကျဥ်းသားတချို့ ကျန်းမာရေးချို့တဲ့မှုများရှိခဲ့ပြီး ၎င်းတို့အား ထောင်အာဏာပိုင်များမှ ဆေးကုသခွင့်မပေးသည့် အခြေအနေများလည်း ရှိခဲ့သည်။

လက်ရှိတွင် နိုင်ငံရေးအကျဥ်းသားများ၏ တောင်းဆိုချက်များကို ထောင်အာဏာပိုင်များဘက်မှ လိုက်လျောခဲ့ပြီး ဆန္ဒပြမှုတွင် ပါဝင်သည့် နိုင်ငံရေးအကျဥ်းသားများ၏ ကျန်းမာရေးအခြေအနေများကိုမူ မသိရှိရသေးပေ။

“ကျန်းမာရေးအခြေအနေကတော့ မသိရသေးဘူးဗျ။ အထူးသဖြင့် မေ့မြောသွားတဲ့ သုံးယောက်ပေါ့။ တောင်းဆိုချက်တွေ ပြန်ရတဲ့အတွက် ဆေးဝါးတွေ ပြန်ပေးတာ။ ‌ကျန်းမာရေး ကုသမှုပေးမယ်လို့ပဲ ယူဆထားပါတယ်”ဟု မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုထောင်တွင်း အစာငတ်ခံဆန္ဒပြနေစဥ်အတွင်း ထောင်အာဏာပိုင်များမှ အမျိုးသမီးအဆောင်များကိုပါ တန်းမဖွင့်ပေးခြင်းနှင့် အစာငတ်ခံဆန္ဒပြမှုတွင် ပါဝင်သည့် နိုင်ငံရေးအကျဥ်းသားများအတွက် ထောင်ဝင်စာပို့မှုကိုလည်း ထောင်အာဏာပိုင်များဘက်မှ တင်းကြပ်ပိတ်ပင်ထားမှုလည်း လုပ်ဆောင်ခဲ့သည်။