သင်္ဃန်းကျွန်းမြို့နယ် အမက အမှတ် (၉) ကျောင်းအတွင်း ကျူရှင်သင်ကြားမှုများ ထပ်မံလုပ်ဆောင်နေပြီး ၊ ဆရာမမှ ဝက်သားတုတ်ထိုးသည်အား စာသင်ခန်းအတွင်းထိ ခေါ်ယူကာ ကလေးငယ်များအား မဖြစ်မနေဝယ်စားခိုင်းနေ

Author စကားဝါ
Categories
Published on Sep 02, 2023

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၉) အခြေခံပညာ မူလတန်းကျောင်းတွင် အတန်းပိုင် ဆရာမအချို့မှ ကျောင်းတွင်း ကျူရှင်သင်ကြားမှုကို ထပ်မံလုပ်ဆောင်နေပြီး စတုတ္ထတန်း အတန်းပိုင်ဆရာမဖြစ်သူ ဒေါ်သဇင်ဦးမှ ဝက်သားတုတ်ထိုးသည်အား စာသင်ခန်းအတွင်းထိ ခေါ်ယူကာ ကလေးငယ်များအား ဝက်သားတုတ်ထိုးပါ မဖြစ်မနေဝယ်စားခိုင်းနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ယင်းစာသင်ကျောင်းရှိ ဆရာမအချို့သည် ကျောင်းတွင်း ကျူရှင်သင်ကြားမှုများ လုပ်ဆောင်ခဲ့သည်ကို ကျောင်းသားမိဘများ၏ သတင်းပေးပို့တိုင်ကြားချက်အရ CJ Platform မှ သတင်းရေးသားခဲ့ပြီးနောက် စစ်ကောင်စီမှ လာရောက်စစ်ဆေးပြီး ကျောင်းတွင်း ကျူရှင်သင်ကြားမှုများ မလုပ်ဆောင်ရန် တားမြစ်ခံထားရသည့် ကျောင်းတစ်ခုဖြစ်သော်လည်း ယခု ကျောင်းတွင်း ကျူရှင်သင်ကြားမှုကို ပြန်လည်လုပ်ဆောင်နေခြင်း ဖြစ်သည်။

“ကျူရှင်လခက နှစ်သောင်းခွဲ၊ ကျောင်းထဲမှာ ကျူရှင်ဖွင့်ထားတာ၊ ဆရာမ ဒေါ်သန်းသန်းအေး၊ ဆရာမ ဒေါ်လှငွေ၊ ဆရာမ ဒေါ်သဇင်ဦးတို့တွေ သင်နေတာ၊ ဒေါ်သဇင်ဦးက အဆိုးဆုံးပါပဲ ဝက်သားတုတ်ထိုးသည်က သူ့ကို တစ်နေ့ နှစ်ထောင်ဖိုး အလကားကျွေးတယ်၊ အဲ့တော့ သူက တုတ်ထိုးသည်ကို စာသင်ခန်းထဲအထိ ဝင်ပြီးတော့ တုတ်ထိုးရောင်းခိုင်းတယ် ကလေးတွေကို ဝယ်စားခိုင်းတယ်၊ ကလေးတွေဝယ်စားတဲ့ အကြွေးတွေကို သူကမှတ်ပေးထားပြီး နောက်နေ့တွေကျ မိဘတွေဆီက ပြန်တောင်းတယ်”ဟု အဆိုပါကျောင်းရှိ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ထို့အပြင် ယင်းကျောင်းရှိ ဆရာမအချို့မှာ ကျောင်းတွင်းဖွင့်လှစ်ထားသည့် ကျူရှင်အား တက်ရောက်နိုင်ခြင်း မရှိသည့် ကလေးငယ်များအား စာသင်ချိန်အတွင်း ရိုက်နှက်ခြင်း အပြစ်ပေးခြင်းများကိုလည်း လုပ်ဆောင်နေလျက်ရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

ယင်းစာသင်ကျောင်းတွင်း ကျူရှင်သင်ကြားမှုများနှင့် ကလေးငယ်များအား ဖိနှိပ်မှုများအပေါ် CJ Platform မှ မကြာခဏ သတင်းတင်ဆက်ကာ ဖော်ထုတ်ရေးသားမှုများကြောင့် ကျောင်းအုပ်ဆရာမကြီးဖြစ်သူမှာ သတင်းသွားရောက်စုံစမ်းသည့် CJ Platform သတင်းထောက်အား ဖမ်းဆီးကာ စစ်ကောင်စီလက်သို့ အပ်နှံနိုင်ရေးအတွက် ကျောင်းအနီးတွင် ကင်းပုန်းများ ချထားခြင်း CCTVများ တပ်ဆင်ထားခြင်းပါ လုပ်ဆောင်ထားကြောင်း သိရသည်။