တာတိုင်ရွာကို ရေကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ် ဒေသခံ ခြောက်ဦးအား လူမဆန်စွာ သတ်ဖြတ်ခဲ့

Author လင်းခိုင်
Categories
Published on Mar 02, 2023

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာကို ရေကြောင်းမှ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် ပကဖ ရဲဘော်တစ်ဦးကို ခြေ၊ လက်ခေါင်းများ ဖြတ်ကာ သတ်ဖြတ်ပြီး၊ ဒေသခံ ရွာသားငါးဦးကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

မြင်းမူမြို့နယ်၊ ထီးဆောင်းရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာကို မတ် ၁ ရက်တွင် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ လူမဆန်စွာ သတ်ဖြတ်မှုများကို လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

“ဧရာဝတီမြစ်ကနေ စစ်ကြောင်းထိုးလာတာ၊ ပကဖရဲဘော် မိုက်ကယ်ကို ခြေ၊ လက်ခေါင်း ဖြတ်သတ်ပြီးတော့ ဒီနေ့မနက် တာတိုင်ရွာသားငါးဦးကို လူသားဒိုင်းအဖြစ်ခေါ်သွားတယ်။ မြင်းမူဘက်အပြန် ညောင်းရင်းရွာ ကျွန်းပေါ်မှာ ရွာသားငါးဦးကို သတ်ဖြတ်ခဲ့တာ” ဟု ဒေသခံ တစ်ဦးက CJ Platform သို့ပြောကြားသည်။

စစ်ကောင်စီတပ်သည် တာတိုင်ကျေးရွာမှ ဒေသခံ ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံရသူ ၁၅ ဦးအနက် ၅ ဦးကို သတ်ဖြတ်ခဲ့ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီမှ သတ်ဖြတ်ခံရသူများသည် ကိုထွန်းထွန်း ၃၅ နှစ်၊ ကိုစိုးနိုင် ၄၇ နှစ်၊ ကိုကျော်စိုး ၃၅ နှစ်၊ ကိုငလင်း ၄၅ နှစ်၊ ကိုကျော်ကျော် ၃၄ နှစ်တို့ဖြစ်ပြီး၊ ကျန် ဖမ်းဆီးခံထားရသူ ၁၀ ဦးတွင် အမျိုးသမီးများ ပါဝင်ကြောင်းလည်း သိရသည်။

တာတိုင်ရွာသည် ဧရာဝတီမြစ်နှင့် မူးမြစ်ဆုံသည့်နေရာတွင် တည်ရှိပြီး အိမ်ခြေ ၇၈ အိမ်သာရှိသည့် ကျေးရွာငယ်တစ်ခုလည်းဖြစ်သည်။.

လက်ရှိတွင်လည်း စစ်ကောင်စီတပ်များသည် ဝက်လက် အနောက်ခြမ်းသို့ စစ်ကြောင်း သုံးကြောင်း ထိုးနေသည့်အတွက် စစ်ကိုင်းဘက်ခြမ်းသို့ စစ်ရှောင်လာသူ ၁၀၀၀ ကျော်ရှိနေကြောင်း စစ်ကိုင်းမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ကိုရာဟုက ပြောကြားသည်။

ဓာတ်ပုံ-CJ
(သတင်းဓာတ်ပုံများသည် လွန်စွာဆိုးရွားလှသည့် မြင်ကွင်းများဖြစ်သည်။ ယင်းပုံများအား ကြည့်ရှု့လိုပါက CJ Platform ၏ Telegram Channel https://t.me/cjplatform တွင် ဝင်ရောက် ကြည့်ရှု့နိုင်ပါသည်။ ကျန်းမာရေး ကောင်းမွန်ခြင်း မရှိသူများအနေဖြင့် ကြည့်ရှု့ခြင်း မပြုရန် မေတ္တာရပ်ခံပါသည်။
#CjPlatform #စစ်ကိုင်းမြို့ #တာတိုင်ရွာ