မြောင်းမြမြို့၊ ပြင်ရွာ ကျေးရွာအနီး၊ သင်္ဘောတစ်စီးနစ်မြုပ် လေးဦးပျောက်ဆုံးနေ

Author လင်းခိုင်
Categories
Published on Mar 01, 2023

 

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ပြင်ရွာ ကျေးရွာအနီးတွင် မတ်လ ၁ရက်နေ့ မနက် ၂နာရီခန့်တွင် သင်္ဘောတစ်စီး နစ်မြှုပ်မှုဖြစ်ပွားခဲ့ပြီး ရေယာဉ်ပေါ်လိုက်ပါလာသူများအနက် လေးဦးပျောက်ဆုံးနေကြောင်း သိရသည်။

နစ်မြုပ်ခဲ့သည့် သင်္ဘောမှာ မြောင်းမြမြို့နှင့် ရွှေနန်းကျောင်းကျေးရွာသို့ ပြေးဆွဲနေသည့် လှိုင်းရာဇာ-၂ ရှပ်ပြေးယာဉ်ဖြစ်ကြောင်း သိရသည်။

“ဒီအတိုင်းဆို ဘယ်သူမှ မသိလိုက်ဘဲ ဖြစ်သွားမှာ မနက်ဆေးရုံသွားဖို့ စက်လှေပေါ် ဆင်းစောင့်နေသူတွေက လူတွေ အော်သံကြားတယ်ဆိုပြီး ရွေးမြစ်ထဲကို ကြည့်လိုက်တော့ မြစ်ထဲမှာ ပစ္စည်းတွေက ရေပေါ်ပေါ်နေတာအများကြီး လူတွေလဲ ရေကူးနေတာ တွေ့လို့ အကုန်လုံးကို အကြောင်းကြားပြီး ဆင်းကူညီကြတာ”ဟု ပြင်ရွာကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

စက်လှေနစ်မြုပ်မှ သင်္ဘောသား ၃ဦးအပါအဝင် ကလေးငယ်တစ်ဦးနှင့် လူကြီး လေးဦး စုစုပေါင်း ရှစ်ဦး လွတ်မြောက်ခဲ့ပြီး၊ ကလေးငယ် ယောင်္ကျားလေးတစ်ဦး၊ မိန်းကလေးတစ်ဦးနှင့် အမျိုးသမီး ၂ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

“နှစ်ယောက်ကတော့ သူတို့ဘာသာ အထုတ်တွေကို ပိုက်ပြီး ရေကူးပြီးကမ်းရောက်လာတာ၊ ကျန်သူတွေကိုတော့ ရွာက လိုက်ပြီး ဆယ်ယူတာ၊ ပျောက်ဆုံးနေသူတွေကို ရှာနေတုန်းပဲ ဒီနေ့ ရအောင်ရှာမယ်ပြောတယ်”ဟု ကိုယ်တိုင် သွားရောက် ကူညီခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ သင်္ဘောပေါ်တွင် ဘိလပ်မြေအိတ် လေးရာခန့်နှင့် သံချောင်းများ အခြားကုန်ပစ္စည်းများအား တင်ဆောင်လာခဲ့ပြီး၊ အထပ်သားအချို့ ပေပါခွံ ခြောက်လုံးနှင့် ကုန်ပစ္စည်းအချို့ကိုလည်း ပြန်လည် ဆယ်ယူနိုင်ခဲ့ကြောင်း သိရသည်။

နစ်မြုပ်သွားခဲ့သည့် လှိုင်းရာဇာ ရှပ်ပြေးယာဉ်ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးဘဲ၊ ကျွမ်းကျင်ရေငုတ်သားများနှင့် ကျောက်တိုက် ရှာဖွေနေလျှက် ရှိနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင်လည်း မြောင်းမြမြို့နယ်၊ ရွေးမြစ်တွင် သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ လူတစ်ဦးသေဆုံးကာ၊ သုံးဦး ဒဏ်ရာရသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

ဓာတ်ပုံ- ပေးပို့
ပုံစာညွှန်း – ပုံ(၁) လှိုင်းရာဇာသင်္ဘော နစ်မြုပ်မှုအား ရှာဖွေနေပုံ ၊ ပုံ(၂) နစ်မြုပ်သွားသည့် သင်္ဘောမှ ပြန်လည်ဆယ်ယူရရှိသည့် ကုန်ပစ္စည်းများ
#CjPlatform #မြောင်းမြ #ပြင်ရွာ #သင်္ဘောမှောက်