ယမန်နေ့က ပြည်သူ့ ခုခံ တော်လှန်စစ် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးရှိ

Author ခေတ်နီ
Categories
Published on Jan 30, 2023

အာဏာသိမ်း စစ်တပ်ကို ခုခံတော်လှန်နေသည့် တော်လှန်ရေး တပ်ဖွဲ့များ၏ ယမန်နေ့က ခုခံ တော်လှန် စစ်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ယမန်နေ့(ဇန်နဝါရီ ၂၉ ရက်) တွင် ဝက်လကမြို့နယ်၊ ပုလဲမြို့နယ်၊ မြိုင် မြို့နယ်၊ ရေဦးမြို့နယ်၊ နတ်တလင်းမြို့နယ် ၊ရေစကြိုမြို့နယ်၊ မြင်းခြံမြို့နယ်နှင့် ညောင်လေးပင်မြို့နယ်များ၌ ကျူးကျော်သူ စစ်ကောင်စီတပ်ဖွဲ့များကို PDF တပ်ဖွဲ့များက ခုခံတော်လှန်စစ်များ ဆင်နွှဲခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ခုခံ တော်လှန်စစ်ကြောင့် ကျူးကျော်သူ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

“ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူ ၁၁ ဦးအထိ ခုခံတိုက်ခိုက်နိုင်ခဲ့သည်” ဟု ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် ယမန်နေ့က စစ်ကိုင်းတိုင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်တိုက်ပွဲ ၆ခု၊ မန္တလေးတိုင်းတွင် ၂ခုနှင့် မကွေးတိုင်းတွင် သုံးခု စုစုပေါင်း လူထုသပိတ်တိုက်ပွဲပေါင်း ၁၁ ခု ကို ပြည်သူများက ဆင်နွှဲခဲ့ကြကြောင်းလည်း သိရသည်။

မြေပြင် အခြေအနေများတွင် ယခု တွေ့ရသည့် သတင်းအချက်အလက်များထက် ပိုမို၍ လူထုသပိတ် တိုက်ပွဲများ များပြားနိုင်ကြောင်းလည်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ဆိုထားသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံ NLD အစိုးရထံမှ စစ်ကောင်စီက မဲကိစ္စ အကြောင်းပြ၍ အာဏာသိမ်းခဲ့ပြီး ၎င်းတို့ကို တိုင်းပြည် လူဦးရေ၏ သုံးပုံနှစ်ပုံကျော်ခန့်က ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်ပွဲများဖြင့် ဆန့်ကျင် ဆန္ဒပြခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများကို စစ်ကောင်စီ တပ်များက အကြမ်းဖက်ဖြိုခွဲခဲ့ပြီး လူငယ် လူရွယ် ကလေးသူငယ် ကိုယ်ဝန်ဆောင်မိခင်၊ သက်ကြီးရွယ်အို၊ စိတ်ကျန်းမာရေး မကောင်းသူများပါမကျန် ရက်ရက်စက်စက် ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် နိုင်ငံတစ်ခုလုံး နီးပါးထိ ကျယ်ပြန့်သည့် လက်နက်ကိုင် တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့သည်။

#CjPlatform #ပြည်သူ့ခုခံစစ် #နွေဦးတော်လှန်ရေး