စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးနေရသည့် ဒီပဲယင်းစစ်ရှောင်များ နေ့စဉ် ထမင်းနပ် မမှန်သည်အထိ စားနပ်ရိက္ခာ အကူအညီများ အရေးပေါ်လိုအပ်နေ

Author ခေတ်နီ
Categories
Published on Jan 30, 2023

 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သောင်းနှင့်ချီသည့် ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ ပြတ်တောက်မှုကြောင့် နေ့စဉ် ထမင်းနှစ်ကြိမ် စားသောက်နိုင်ရန်ပါ ခက်ခဲနေပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေသခံ စစ်ဘေးရှောင် အကူအညီပေးရေး အဖွဲ့များထံမှ သိရသည်။

ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းကျေးရွာများအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီတပ်မှ အင်အား ၁၅၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့နေခဲ့တာပဲ ဖြစ်သည်။

ထိုသို့ မီးရှို့မှုများကြောင့် လက်ယက်ကုန်း၊ ညောင်လှ၊ သရက်တော၊ မရကန်၊ အုန်းတပင်၊ မြင်းတန့်ကျေး၊ ဒိုင်နတ်၊ ယဉ်ကျေး စသော ကျေးရွာများမှ နေအိမ်နှင့် ရိက္ခာအများအပြား မီးလောင် ပျက်ဆီးခဲ့ရတာပဲ ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၁၂ ရွာမှ ဒေသခံ နှစ်သောင်းဝန်းကျင်ခန့်မှာ စစ်ဘေးလွတ်ရာ နေရာများတွင် ဖြစ်သလို တဲထိုးနေထိုင်နေရတာဖြစ်ပြီး ၎င်းတို့အတွက် အရေးပေါ်စားနပ်ရိက္ခာများနှင့် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

” အခုတော့ စစ်တပ်က မူးမြစ်အရှေ့ဖက်ကမ်းကို ကူးသွားတယ် ဒီကစစ်ရှောင်တချို့ကတော့ နေရပ်ပြန်မယ် ပြောတယ် ဟိုကောင်တွေ မီးရှို့ပြီးကျန်ခဲ့တဲ့ သူတို့ အိမ်နေရာတွေ ပြန်ပြီးရှင်းမယ်ပေါ့၊ လက်တလောကတော့ ရိက္ခာပဲလိုနေတာ ဆန်တို့ ချက်စရာတို့”ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့အထိ ဒီပဲယင်းမြို့နယ်အတွင်း နေအိမ် ၅၀၀၀ ကျော် မီးလောင်ပျက်စီး ဆုံးရူံးခဲ့ရကြောင်း လွတ်လပ်သည့် သုတေသနအဖွဲ့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) ၏ စာရင်းများအရ သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဒီပဲယင်း #စစ်ဘေးရှောင် #အရေးပေါ်ရိက္ခာ