မြင်းမူရဲစခန်းနှင့် အထက ၁ ကျောင်းတွင် အထိုင်ချထားသည့် စစ်သားများကို ၆၀ မမဖြင့်တိုက်ခိုက်၊ စစ်ကောင်စီလိုင်းခန်းများ ပေါ်သို့ ကျရောက်ပေါက်ကွဲ

Author လင်းခိုင်
Categories
Published on Jan 30, 2023

 

မြင်းမူရဲစခန်းနှင့် အထက ၁ ကျောင်းတွင် အထိုင်ချထားသည့် စစ်သားများကို ၆၀၀ မမဖြင့် တိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီလိုင်းခန်းများပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း People’s Army to Fight Dictatorship အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၂၉ ရက် ညနေ ၅နာရီ ၄၁ မိနစ်အချိန်တွင် မြင်းမူမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနှင့် အထက ၁ ကျောင်းအတွင်း နေထိုင်နေသည့် စစ်ကောင်စီတပ်များကို ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့များက ၆၀ မမ ဆယ်လုံးကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ တိုက်ခိုက်ရာတွင် ပြည်သူများထိခိုက်မှုမရှိစေရန် ခက်ခက်ခဲခဲဆောင်ရွက်ခဲ့ရကြောင်းလည်း ဗိုလ်တေဇက ရှင်းပြသည်။

“ဆယ်လုံးကျော်ကျော်လောက်နဲ့ တိုက်ခိုက်ခဲ့တာ၊ တော်တော်ကို ခက်ခက်ခဲခဲလုပ်ရတာ၊ အဲ့ကနေကျော်သွားရင် ဈေးရှိတယ်။ အသေးစိတ်တွက်ချက်ပြီးတော့ ရန်သူ့ပစ်မှတ်ကို ပစ်တာ၊ အဲ့ဒီနားမှာ ရဲစခန်းရှိတယ်။ ထွေအုပ်ရှိတယ်။ နောက်ပြီးတော့ အထက ၁ မှာ ခွေးတွေရှိတယ်။ ကျွန်တော်တို့ ပစ်လိုက်တာတွေက လိုင်းခန်းတွေပေါ်ကျတယ်။ နယ်ထိန်းခေါင်းဆောင်ရဲ့ အိမ်ပေါ်ကျတယ်” ဟု ဗိုလ်တေဇက ပြောကြားသည်။

လက်နက်ကြီးဖြင့် ရဲစခန်းနှင့် စစ်ကောင်စီ အထိုင်ချစခန်းများကို တိုက်ခိုက်ခဲ့သော်လည်း အသေအပျောက် စာရင်းကို အတိအကျသိရှိရခြင်းမရှိသေးကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

“သူတို့ဘက်ကနေပြီးတော့ ကျွန်တော်တို့ကို ၄၀ မမတွေနဲ့ ပြန်ပစ်တယ်။ နှစ်ဆင့်ကွဲ ကျည်တွေနဲ့လည်းပြန်ပစ်တယ်။ မြို့အလယ်ခေါင်မှာ တိုက်ပွဲဖော်ဆောင်ရတာဆိုတော့ ပြည်သူတွေကို မထိရလေအောင် တော်တော်ကို ခက်ခက်ခဲခဲ ဆောင်ရွက်ရတာ” ဟု ဗိုလ်တေဇက ပြောကြားသည်။

အထက်ပါ စစ်ဆင်ရေးအား People’s Army to Fight Dictatorship၊ DK PDF (MMU)၊ People’s Knight Defense Force၊ Myinmu(PKDF.MMU) ၊ D.B.B.F.MMU မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
ဓာတ်ပုံ၊- People’s Army to Fight Dictatorship
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မြင်းမူရဲစခန်း #လက်နက်ကြီး