စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည်ဟု NLD ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Jan 29, 2023

စစ်ကောင်စီနှင့် ပူပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ယနေ့ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား သန့်ရှင်းစွာ ကျင်းပနိုင်ခဲ့ပြီး၊ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီ ၉၁ ပါတီအနက် နိုင်ရပါတီ ၁၉ ပါတီနှင့် တစ်သီးပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်သူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ၂ နေရာ၊ တိုင်းရင်းသားရေးရာ၀န်ကြီး ၂ နေရာအနိုင်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များကို အသိအမှတ်ပြုလွှာများ ထုတ်ပေးခဲ့ပြီး၊ တည်ဆဲဥပဒေများနှင့်အညီ ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ခေါ်ယူကျင်းပနိုင်ရန် ဆောင်ရွက်နေစဉ်၊ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုက မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ တည်ဆဲဥပဒေများချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အဓ္ဓမလုယူခဲ့သည်ဟု NLD က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူများကိုလ်း ဖမ်းဆီးခြင်း၊ စစ်ကြောရေး စခန်းများတွင် နှိပ်စက် သတ်ဖြတ်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များနှင့် လူသားများကိုပါ မီးရှို့ဖျက်ဆီး သတ်ဖြတ်ခြင်း၊ ပြည်သူတို့၏ ပိုင်ဆိုင်မှုများကို လုယက်ခြင်းစသည့် အကြမ်းဖက်မှုများဖြင့် ရက်စက်စွာ တုံ့ပြန်ခဲ့သည်ဟု NLD ကဆိုသည်။

လက်ရှိတွင် စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ ၁၂၆၇၀ ဦးရှိပြီး ၃၇၅၈ ဦးပြန်လည်လွှတ်မြောက်လာပြီး၊၉၈၁၂ ဦးကျန်ရှိရာ၊ လွှတ်တော်ကိုယ်စားလှယ် ၈၀ ဦးအပါအ၀င်၊ NLD ပါတီ၀င် ၁၂၃၂ ဦး ပါ၀င်ကြောင်း သိရသည်။

ဖမ်းဆီးထားစဉ်အတွင်း သတ်ဖြတ်ခံရသူ ၃၃၄၆ ဦးရှိရာ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနှင့် NLD ပါတီ၀င် ၈၄ ဦးပါ၀င်ကြောင်း၊ နေအိမ် ချိတ်ပိတ်သိမ်းဆည်းခံရသူ ၆၀၅ ဦးရှိရာ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး၏ ပိုင်ဆိုင်မှုများပါ၀င်ခဲ့ပြီး၊ NLD ပါတီ၀င် ၃၇၁ ဦးတို့၏ ပိုင်ဆိုင်မှုများပါ၀င်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီ တိုင်းပြည်အာဏာကို လုယူပြီးနောက် တိုင်းပြည် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့သည် ဆိုးဝါးစွာ ကျဆင်းလျက်ရှိနေပြီး၊ ယင်းအချက်များကို လျစ်လျူရှု့ကာ အာဏာ ဆက်လက်ချုပ်ကိုင်နိုင်ရန် အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံရေးအရ တရား၀င်မှုကို ရယူရန်ကြိုးပမ်းနေသည်ဟု NLD က ထောက်ပြထားသည်။

ထို့ကြောင့် တည်ဆဲဥပဒေများကို ချိုးဖောက်ပြီး နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်ထားသည့် စစ်ကောင်စီ ဆောင်ရွက်ချက်မှန်သမျှသည် တရား၀င်မှုမရှိသည့်အပြင် ယင်းတို့ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား NLD အနေဖြင့် ခိုင်မာစွာ ဆန့်ကျင်နေမည်ဖြစ်ကာ၊ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုလည်း နိုင်ငံတော်ပုန်ကန်မှုကျူးလွန်ရာတွင် အားပေးကူညီသူများအဖြစ် သတ်မှတ်မည်ဟု NLD က အသိပေးထားသည်။

NLD အနေဖြင့် ရည်ရွယ်ချက်တူ အင်အားစုများအားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကာ၊ အနာဂတ်နိုင်ငံတော်ကိုလည်း အတူတကွ ပူးပေါင်းအကောင်အထည်ဖော်ရန် သံန္တွိဌာန်ချထားကြောင်း၊ နိုင်ငံတကာ အသိုက်အ၀န်းအနေဖြင့် စစ်ကောင်စီက ကျူးလွန်ထားသည့် ရာဇ၀တ်မှုများကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူနိုင်မည့် လုပ်ငန်းစဉ်များကို ယခုထက်ပိုမိုထိရောက်စွာ ကူညီပေးရန် NLD က မေတ္တာရပ်ခံထားသည်။