စစ်တပ်သည် မြန်မာနိုင်ငံကို တရားဥပဒေစိုးမိုးရေးအစား၊ အကျင့်ပျက်ချစားမှုဖြင့် အစားထိုးခဲ့ကြောင်း ကုလသမဂ္ဂအစည်းအဝေးတွင် ဦးကျော်မိုးထွန်းတင်ပြ

Author မွန်လေး
Categories
Published on Jan 28, 2023

 

စစ်တပ်သည် မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေးအစား၊ အကျင့်ပျက်ချစားမှုဖြင့် အစားထိုးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအစည်းအဝေးတွင် တင်ပြခဲ့သည်။

ဇန်နဝါရီ ၂၆ ရက်က နယူးယောက်မြို့တွင် ပြုလုပ်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲစေရေး၊ ရှုပ်ထွေးလှသည့် စိန်ခေါ်မှုများကို ခံနိုင်ရည် အားကောင်းစွာ ရင်ဆိုင်နိုင်ရေးအတွက် ပြည်သူများအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အရပ်သားအစိုးရမှ လူသားများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကြိုးပမ်းအားထုတ်မှုအားလုံးသည် တရားမ၀င် အာဏာသိမ်းမှု ၂ နှစ်တာကာလအတွင်း ဆန့်ကျင်ဘက်လားရာသို့ ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ထို့ပြင် စစ်တပ်က တရားဥပဒေစိုးမိုးရေး အစား အကျင့်ပျက်ချစားမှုဖြင့် အစားထိုးခဲ့ပြီဖြစ်ကြောင်း၊ ပိုမိုဆိုးရွားသည့် လုပ်ရပ်သည် စစ်တပ်အနေဖြင့် မြန်မာနိုင်ငံတွင် နယ်ခြားဖြတ်ကျော်မှုခင်းများအ တွက် လုံခြုံစိတ်ချရသည့် နေရာများ ဖန်တီးပေးလျက်ရှိပြီး နိုင်ငံသမိုင်းတလျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအား နယ်ခြား ဖြတ်ကျော်မှုခင်းများ အတွက် ဦးတည်နေရာအဖြစ်ပြုလုပ်ခဲ့ကြောင်း သံအမတ်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းအပြင် စစ်တပ်ကြောင့် နိုင်ငံအဖွဲ့အစည်းများ ထိခိုက်ပျက်စီးသွားမှု ၏ ဆိုးကျုးသည် များစွာ ကြီးမားပြီး၊ မြန်မာနိုင်ငံအတွင်းတွင်သာမက ဒေသတွင်းနိုင်ငံများနှင့် အခြားနိုင်ငံများကိုပါ ထိခိုက်စေကြောင်း၊ တရားဥပဒေကို စိုးမိုးရေးကို လေးစားလိုက်နာမှုမရှိသည့် စစ်အာဏာရှင်အောက်တွင် လူသားလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူအများပေါ် ရင်းနှီးမြှုပ်နှံမှုသည် ယခုတွင် မရှိသကဲ့သို့ နောင်တွင်လည်း မရှိနိုင်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ပြည်သူများအပေါ်တွင် တာ၀န်ခံမှုရှိသော အမျိုသားကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်နိုင်ခြင်းမရှိပါက ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲနိုင်မည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ကြိုးပမ်းအားထုတ်နေသည့် မြန်မာပြည်သူများကို ကူညီအားပေးလျက်ရှိသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အဖွဲ့၀င်နိုင်ငံများ၊ အာဆီယံနှင့် နိုင်ငံတစ်နိုင်ငံချင်းစီအား ကျေးဇူးတင်ကြောင်း ဦးကျော်မိုးထွန်းက ဆက်လက်ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ဦးကျော်မိုးထွန်း