စစ်ကောင်စီ၏ အကြမ်းဖက်မှုများသည် ၁၉၇၀ နောက်ပိုင်း အရှေ့အာရှတွင် မဖြင့်တွေ့ဖူးသော အလွန်မြင့်မားသည့် အကြမ်းဖက်မှုဖြစ်သည်ဟု NUG ဆို

Author မွန်လေး
Categories
Published on Jan 28, 2023

 

စစ်ကောင်စီ၏ အကြမ်းဖက်မှုများသည် ၁၉၇၀ နောက်ပိုင်း အရှေ့အာရှတွင် မဖြင့်တွေ့ဖူးသော အလွန်မြင့်မားသည့် အကြမ်းဖက်မှုဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်အုပ်စုက ကျူးလွန်ခဲ့သည့် ရိုဟင်ဂျာ လူမျိုးတုန်း သတ်ဖြတ်မှုနှင့် အာဏာသိမ်းရန် ကြိုးပမ်းချိန်မှ စကာ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများကို စစ်ဆေးနိုင်ရန်အတွက် မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများမှ လွတ်မြောက်ကျန်ရစ်သူများနှင့် သက်သေများက Fortify Rights ၏ ထောက်ပံ့ကူညီမှုဖြင့် ဂျာမဏီအာဏာပိုင်များထံ တောင်းဆိုတင်ပြခဲ့ပြီး၊ ဂျာမဏီအာဏာပိုင်များအနေဖြင့် အထူးအလေးထား ဆောင်ရွက်ပေးရန် NUG က တိုက်တွန်းထားသည်။

ထို့ပြင် မြန်မာနိုင်ငံတာ၀န်ရှိမှုပရောဂျက်( Myanmar Accountability Project) သည် နှိပ်စက်ညှဉ်းပမ်းမှု အပါအ၀င် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများအား ကျူးလွန်သည့် စစ်တပ်ကို အရေးယူ ဆောင်ရွက်စေနိုင်ရန်အတွက် တူရကီနိုင်ငံတွင် တရားစွဲဆိုမှုစတင်ခဲ့ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံတကာတရားစီရင်ပိုင်ခွင့်ကို အသုံးပြုပြီးတရားစွဲဆိုနိုင်စေရန် တရားရေးဆိုင်ရာ စည်းမျဉ်းများကို ပံ့ပိုးပေးနေသည့်အပြင် အာဏာသိမ်းစစ်အုပ်အား ဖိလစ်ပိုင်နိုင်ငံတွင် အလားတူ ဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယူကေနိုင်ငံရှိ ဗမာ့ရိုဟင်ဂျာအဖွဲ့အစည်းက တင်သွင်းသည့် မြန်မာ့လုံခြုံရေးအဖွဲ့များက ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုနှင့် ပတ်သက်ပြီး တိုင်ကြားမှုကို အာဂျင်တီးနားတရားရုံးက လက်ခံခဲ့ပြီးဖြစ်ကြောင်း၊ မူဘောင်များကို ကျင့်သုံးပြီး တရားမျှတမှုနှင့် တာ၀န်ခံမှုများ အားကောင်းလာစေရန် ဆောင်ရွက်နေသည့် လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ပြည်တွင်းအာဏာပိုင်များ ပိုမိုတိုးပွားလာသည်ကို တွေ့မြင်ရခြင်းမှာ အလွန် စိတ်အားတက်စရာပင်ဖြစ်သည် ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ကြောင့် ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့၀င်နိုင်ငံများအားလုံး နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် စည်းမျဉ်းမူဘောင်ကို ကျင့်သုံးပိုင်ခွင့်ရှိသော နိုင်ငံများအနေဖြင့် အလားတူပံ့ပိုးမှုများ ဆောင်ရွက်ရန် NUG ကတောင်းဆိုထားသည်။

မြန်မာနိုင်ငံသည် ၁၉၇၀ ခုနှစ် ကမ္ဘောဒီးယားနိုင်ငံတွင် Pol Pot ခေါင်းဆောင်သည့် ခမာနီအကြမ်းဖက် အုပ်စိုးမှုကို ဖြိုးခွင်းခဲ့ချိန်မှစပြီး အရှေ့အာရှတွင် မမြင်တွေ့ဖူးသော အလွန်မြင့်မားသည့် အကြမ်းဖက်မှု လှိုင်းလုံးကြီးနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိကြောင်း၊ အပြစ်ရှိသူအား အပြစ်ပေးမှုမှ ကင်းလွတ်နေခြင်းအား ရပ်တန့်ပြီး ကျူးလွန်သူများကို တာ၀န်ခံမှုရှိစေခြင်း၊ ကျူးလွန်ခံရသူများနှင့် ယင်းတို့ မိသားစု၀င်များအတွက် တရားဥပဒေဖော်ဆောင်မှုများ ပေါ်ပေါက်လာမည်ဟု မျှော်လင့်ကြောင်း NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံစာညွှန်း- စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးခိုကျင်းများတွင် တိမ်းရှောင်နေရသည့် ကလေးငယ်များ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #အကြမ်းဖက်မှု