ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး အကြား စစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက် စစ်သား ၃ ဦးသေဆုံး

Author လင်းခိုင်
Categories
Published on Jan 24, 2023

ကရင်ပြည်နယ်၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး အကြားစစ်ကူလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Lion Battalion Commando ဗျူဟာ စစ်ကြောင်းမှ သိရသည်။

စစ်ကောင်စီ၏ လက်အောက်ခံ တပ်မ ၄၄ နှင့် Lion Battalion Commando ဗျူဟာ စစ်ကြောင်း နှင့်အတူမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များ အနီးကပ်ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိကြောင်း ယင်းစစ်ကြောင်းက ဆိုသည်။

ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီ ၀န်းကျင်မှ စတင်ပြီး ဗိုလ်လင်းယုန်ဦးဆောင်သည့် မြို့ပြ ပျောက်ကျားတပ်ဖွဲ့သည် ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာများကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တပ်မ ၄၄ မှ စစ်ကူလာသည့်အဖွဲ့ကို ဒေသခံ တော်လှန်ရေးအဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယနေ့(ဇန်နဝါရီ ၂၄ ရက်) တွင် ကျုံဒိုး-ညောင်ရိပ်သာ ဒေသသို့ ၀င်ရောက်လာသည့် စစ်ကောင်စီ၏ တပ်မ ၄၄ လက်အောက်ခံတပ်များနှင့် မဟာမိတ်ပူးပေါင်းစစ်ကြောင်းများအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး၊ MA2 တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း Lion Battalion Commando ဗျူဟာ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

လက်ရှိအချိန်ထိ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီး အကြားတွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူများ ပစ်ခတ်နေကာ၊ တော်လှန်ရေးရဲဘော်များမှ ဆက်လက်တိုက်ပွဲ၀င်နေဆဲဖြစ်ကြောင်း Lion Battalion Commando ဗျူဟာ စစ်ကြောင်းက အသိပေးထားသည်။

“ကျုံဒိုး ၅၄၅ နဲ့ ၅၄၆ ကနေပြီးတော့ လက်နက်ကြီးနဲ့ မိဂလုံ နဲ့ ကောကာဘက်ကို လှမ်းထုနေတယ်။ ပြည်သူတွေအနေနဲ့လုံခြုံတဲ့နေရာမှာ နေကြပါ”ဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသည်။

ဇန်နဝါရီ ၂၃ ရက် ည၈ နာရီတွင် ဗိုလ်လင်းယုန် ပျောက်ကျားတပ်ဖွဲ့က ဌာနဆိုင်ရာ ရုံးများကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်များနှင့် BGF တပ်များသည် ဘုရားသုံးဆူမြို့အတွင်း လှည့်လည်နေကြောင်းလည်းသိရသည်။