အင်းတော်တွင် စစ်ကောင်စီတပ်က KIA အယောင်ဆောင်ကာ ကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူများ မွေးမြူထားသည့် တိရိစ္ဆာန်များအား သတ်ဖြတ်စားသောက်

Author ခူးဆယ်
Categories
Published on Jan 24, 2023

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ KIAတပ်ဖွဲ့ဝင်များဟု ဟန်ဆောင်ပြောဆိုကာ ကျေးရွာအတွင်း ဝင်ရောက်ပြီး ဒေသခံများပိုင်ဆိုင်သည့် ကြက်များကို သတ်ဖြတ်စားသောက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

အင်းတော်မြို့နယ်အတွင်းရှိ လယ်ဇင်ကျေးရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့ ဇန်နဝါရီလ ၂၃ရက်နေ့တွင် အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက်လာခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ဝင်ရောက်ပြီးနောက် စစ်ကောင်စီတပ်သားများမှ ၎င်းတို့သည် KIAတပ်သားများဖြစ်ကြောင်း ပြောဆိုပြီး ကျေးရွာဒေသခံများ ပိုင်ဆိုင်သည့် ကြက်များအား သတ်ဖြတ် စားသောက်သွားကြောင်း သိရသည်။

“သူတို့က ရွာထဲစစ်ကြောင်းဝင်တဲ့ပုံစံပေါ့ ကျနော်တို့က KIAတွေပါဆိုပြီး ပြောဝင်လာတာ၊ စစ်ဝတ်စုံတွေနဲ့ပဲ ရွာခံတွေကလဲ သူတို့က KIAကမဟုတ်မှန်းသိတယ်၊ ဒါပေမယ့် အသတ်ခံရမှာကြောက်တာနဲ့ လွှတ်ထားပေးလိုက်တာ တခြားဘာမှတော့ ဖျက်ဆီးမသွားဘူး ကြက်တွေပဲချက်စားသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ ကျေးရွာအတွင်း ဝင်ရောက်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကြောင်းမှ ဖြစ်ကြောင်းသိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့