စစ်ကောင်စီ၏ လေယာဉ်ဆီ၀ယ်ယူနေမှုကို ပိတ်ပင် တားဆီးပေးရန် လုံခြုံရေးကောင်စီအဖွဲ့၀င် နိုင်ငံများကို NUG တောင်းဆို

Author လင်းခိုင်
Categories
Published on Jan 24, 2023

 

စစ်ကောင်စီ၏ လေယာဉ်ဆီ၀ယ်ယူနေမှုကို ပိတ်ပင်တားဆီးပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့၀င် နိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေး၀န်ကြီးဌာနက တောင်းဆိုကြောင်း ဇန်နဝါရီ ၂၃ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ပြည်သူများကို ဦးတည်ချက်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည် အနှံ့အပြားတွင် ကျူးလွန်လျက်ရှိကြောင်း၊ စစ်လေယာဉ်မှူးများနှင့် ယင်းတို့ကို ညွှန်ကြားစေခိုင်းသည့် စစ်အရာရှိများသည် စာသင်ကျောင်းများနှင့် ဆေးရုံများကို ဦးတည်ချက်ထားကာ တိုက်ခိုက်မှုများကို ကျူးလွန်နေခြင်းသည် စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်နေသည့် ရာဇ၀တ်မှုများ ဖြစ်သည်ဟု NUG ကဆိုသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ တွင် စစ်ကောင်စီအနေဖြင့် ပြည်သူလူထုနှင့် ပြည်သူပိုင် အဆောက်အအုံများ ၊ စီးပွားရေးနှင့် အများပြည်သူပိုင် အဆောက်အအုံများပေါ်တွင် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှုများအား အထူးစိုးရိမ်မိကြောင်း နှင့် ချက်ခြင်းရပ်တန့်ရန် တောင်းဆိုထားသည့် ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် စစ်ကောင်စီသည် စစ်လေယာဉ်ဆီများ၀ယ်ယူရရှိနေခြင်းကို တားဆီးပိတ်ပင်နိုင်ရေးအတွက် ထိရောက်မှုရှိသော အရေးယူပိတ်ဆို့မှုများပြုလုပ်ပေးရန် ပြည်သူများကိုယ်စား တောင်းဆိုကြောင်း၊ အဆိုပါ အရေးယူမှုသည် ထောင်ပေါင်းများစွာသော အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း NUG ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီ လေယာဉ်ဆီ ၀ယ်ယူရရှိနေမှုကို ထိထိရောက်ရောက် တားဆီးပိတ်ပင်မှုများ ပြုလုပ်ရေးအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့၀င် နိုင်ငံများနှင့် နိုင်ငံတကာ ပိတ်ဆို့အရေးယူရေးအဖွဲ့များ အနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုအတွက် မဖြစ်မနေဆောင်ရွက်ပေးသင့်သည်ဟု NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် သွေးချောင်းစီးသည့် အကြမ်းဖက် လုပ်ရပ်များကို ဆက်လက်လုပ်ဆောင်နိုင်စေသည့် အရင်းအမြစ်များကို မဖြစ်မနေ ဖြတ်တောက်အရေးယူရမည်ဟု NUG က ဆိုသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #လေယာဉ်ဆီ #လုံခြုံရေးကောင်စီ