ဝေဟင်နှင့် မြေပြင်စစ်ကြောင်းထိုးမှုကြောင့် NUG တပ်ရင်း အမှတ် ၁၂၂၂ မှ စစ်ကြောင်းမှူးတစ်ဦးကျဆုံးပြီး စခန်းအား စွန့်လွှတ်ခဲ့ရ၊ စခန်းအနီး တိုက်မိုင်းများကြောင့် စစ်ကောင်စီတပ်သား ၃၀ကျော်သေ

Author လင်းခိုင်
Categories
Published on Jan 23, 2023

 

စစ်ကောင်စီက ဝေဟင်နှင့် မြေပြင်စစ်ကြောင်းထိုးမှုကြောင့် Thabeikkyin PDF NUG တပ်ရင်း အမှတ် ၁၂၂၂ မှ စစ်ကြောင်းမှူးတစ်ဦး ကျဆုံးပြီး စခန်းအား စွန့်လွှတ်ခဲ့ရကြောင်း ယင်း တပ်ရင်း၏ သတင်းနှင့်ပြန်ကြားရေး တာ၀န်ခံက CJ Platform သို့ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁၂ နာရီ မိနစ် ၃၀ ခန့်တွင် မိုးကုတ်မြို့နယ်၊ မိုင်းဟုန်ကျေးရွာအနီးရှိ NUG တပ်ရင်း ၁၂၂၂ ရှိသည့် ရှေ့တန်းစခန်းကို စစ်ကောင်စီမှ လေကြောင်းဖြင့် မိနစ် ၃၀ ခန့်နှင့် မြေပြင်မှ စစ်ကြောင်းလေးကြောင်း၊ အင်အား ၂၀၀ နီးပါးဖြင့် စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ စစ်ကြောင်းမှူး ဆုံးရှုံးခဲ့တယ်။ ရဲဘော်သုံးယောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်။ အခုတော့ စိုးရိမ်စရာမရှိတော့ဘူး။ စခန်း ဆုံးရှုံးခဲ့ရတာဆိုတော့ တပ်ရင်းအတွက် လိုအပ်ချက်တွေအများကြီးရှိနေတယ်” ဟု သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးသီး အလုံး ၃၀ ခန့်ကျဲချကာ စက်လက်များဖြင့်လည်း ဆယ်ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး မြေပြင်စစ်ကြောင်းထိုးတက်လာသည့် စစ်ကောင်စီတပ်သားများမှလည်း ၄၀ မမ၊ ၆၀ မမ၊ M9 များ၊ စက်လက်များဖြင့် တရစပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီမှ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကြောင်းမှူးကျဆုံးပြီး၊ ရဲဘော်သုံးဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ၊ ကျန်ရဲဘော်များမှ ကာပစ်ပြီး ဆုတ်ခွာနိုင်ခဲ့သည်။

စခန်းအား စွန့်ခွာခဲ့ရသည့်အတွက် စခန်းရှိ မီးစက်၊ ဒိုင်နမို၊ ဆိုင်ကယ် ၅စီး၊ ရိက္ခာပစ္စည်း အမြောက်အများ၊ ရဲဘော်များ၏ ကျောပိုးအိတ်များနှင့် အခြား ပစ္စည်းများလည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

သို့သော် စစ်ကောင်စီ စစ်ကြောင်းထိုးမည်ကို ကြိုတင်သတင်းရရှိခဲ့သည့်အတွက် စခန်းအနီးတစ်ဝိုက်တွင် တိုက်မိုင်းများ ထောင်ထားခဲ့သောကြောင့် ခြေလျင်တက်လာသည့်စစ်ကောင်စီတပ်သား ၃၀ နီးပါးသည် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်းလည်း သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံက ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

ဓာတ်ပုံ- Thabeikkyin PDF NUG တပ်ရင်း အမှတ် ၁၂၂၂
#CjPlatform #မိုးကုတ်မြို့ #Thabeikkyin #စစ်ကြောင်းမှူး