ပျူကျေးရွာသုံးခု၏ စစ်ကြောင်းထိုးမှုကြောင့် ပုလဲနယ်ရှိ ဗိုလ်ကျားလေးအဖွဲ့ ခဲယမ်းဂိုထောင်မီးရှို့ခံ ရပြီး၊ လက်နက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းရန် ငွေကြေးများလိုအပ်နေ

Author လင်းခိုင်
Categories
Published on Jan 23, 2023

 

ပျူစောထီးကျေးရွာသုံးခု၏ စစ်ကြောင်းထိုးမှုကြောင့် ပုလဲနယ်ရှိ ဗိုလ်ကျားလေးအဖွဲ့ ခဲယမ်းဂိုထောင်မီးရှို့ ခံရပြီး၊ လက်နက်ပစ္စည်းများ ပြန်လည်ဖြည့်တင်းရန် ငွေကြေးများ လိုအပ်နေကြောင်း ယင်းအဖွဲ့တာ၀န်ခံက CJ Platform သို့ ပြောကြားသည်။

ဇန်နဝါရီ ၁၂ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးရွာများဖြစ်သည့် ဇီးဖြူကုန်းပျူရွာ၊ အင်မထီးပျူရွာနှင့် ကန့်ဒေါင်ပျူရွာမှ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသည့်အတွက် ဗိုလ်ကျားလေးအဖွဲ့၏ ခဲယမ်းဂိုထောင် မီးရှို့ပျက်စီးခဲ့ခြင်း ဖြစ်သည်။

“အဲ့ရွာသုံးခုက ပျူတွေရယ်၊ စစ်ခွေးတွေရယ် ပေါင်းပြီးတော့ ပတ်ချာလည်မွှေသွားတာ၊ အဲ့ဒီမှာ ကျွန်တော်တို့လည်း ခံပစ်တယ်။ လက်နက်အင်အားမမျှတော့ နာရီ၀က်ကြာပစ်ခတ်ပြီး ပြန်ဆုတ်တဲ့အချိန်မှာ သူတို့က ခဲယမ်းဂိုထောင်ကို မီးရှို့ဖျက်ဆီးသွားတာ” ဟု တာ၀န်ခံက ပြောကြားသည်။

ထိုကဲ့သို့ ခဲယမ်းဂိုထောင် မီးရှို့ခံလိုက်ရသည့်အတွက် စစ်ဆင်ရေးများ ဆောင်ရွက်ရန် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ရပ်နားထားရပြီး၊ ခဲယမ်းပြန်လည်၀ယ်ယူရန် ရံပုံငွေ လိုအပ်နေကြောင်း ယင်းက ဆက်လက် ပြောကြားသည်။

“အခုချိန်မှာ ပြန်လည်ထူထောင်ဖို့ ရံပုံငွေရှာနေရတယ်ဗျ။ ရံပုံငွေကလည်း တစ်လနေလို့ ၁၀ သိန်းတောင်မပြည့်တော့ ဘာမှ လုပ်မရဘူးဖြစ်နေတယ်” ဟု ဗိုလ်ကျားလေးအဖွဲ့ တာ၀န်ခံက ပြောကြားသည်။

ပြည်သူများအနေဖြင့် ဗိုလ်ကျားလေးအဖွဲ့အား ခဲယမ်းများ ပြန်လည်ဖြည့်တင်းရန်အတွက် ကူညီပံ့ပိုးမှုများ လုပ်ဆောင်ပေးရန်အတွက်လည်း ဗိုလ်ကျားလေးမှ အကူညီတောင်းခံထားသည်။

ပုလဲမြို့နယ်ရှိ အင်မထီးပျူရွာ၊ ဇီးဖြူကုန်းပျူရွာနှင့် ကန်ဒေါင့်ပျူရွာများသည် စစ်ကောင်စီ၏ အခြေစိုက် စခန်းတစ်ခုဖြစ်ပြီး ဒေသခံရွာများကို မကြာခဏ စစ်ကြောင်းထိုးခြင်း၊ မီးပတ်ရှို့ခြင်းများပြုလုပ်နေသဖြင့် ဒေသခံ PDF များပူးပေါင်းကာ ယင်းပျူစောထီးရွာ များကိုပြန်လည်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ-ဗိုလ်ကျားလေးအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ပုလဲ #ဗိုလ်ကျားလေး