ယခုနှစ် မော်တင်စွန်းဘုရားပွဲ စည်ကားနိုင်မည်ဟု ဒေသခံများမျှော်မှန်းနေ

Author စကားဝါ
Categories
Published on Jan 23, 2023

ကိုဗစ်ကာလအလွန် အာဏာသိမ်းပြီးနောက်ပိုင်း စည်ကားမှု ကင်းမဲ့ခဲ့သည့် မော်တင်စွန်းဘုရားပွဲ ယခုနှစ်တွင် ပြန်လည်စည်ကားနိုင်မည်ဟု ဒေသခံများမှ မျှော်မှန်းနေကြကြောင်း သိရသည်။

ဧရာဝတီတိုင်း ငပုတောမြို့နယ်တွင် တည်ရှိသည့် မော်တင်စွန်းဘုရားပွဲတော်ကို လာမည့် ဖေဖေါ်ဝါရီလ ၁၉မှ စတင်ကာ မတ်လ ၅ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲနှင့် ဇာတ်သဘင်များ ထည့်သွင်းထားခြင်း မရှိသော်လည်း ဘုရားဖူးများ ပြန်လည် လာရောက်နိုင်သည်ဟု ခန့်မှန်းထားကြောင်း ဒေသခံများက ဆိုသည်။

“ကိုဗစ်၂နှစ်မှာလဲ ဘုရားပွဲက မကျင်းပရဘူး၊ စစ်တပ်အာဏာသိမ်းတော့လဲ ဘုရားပွဲကို ဘယ်သူမှ စိတ်မပါဘူးလေ၊ ဒီနှစ်က စျေးဆိုင်တွေလဲ အများကြီး မရှိတော့ ဟိုးအရင်တုန်းက ဓလေ့အတိုင်း ပြန်စည်ကားမယ်လို့ ထင်တယ်၊ ဒေသဆိုင်လေးတွေပဲ များမယ်၊ အရင်လို အဝေးကနေ လာပြီးဆိုင်ဖွင့်ဖို့ လေလံယူတဲ့သူ မရှိဘူး”ဟု ကံချိုင်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

သမ္မတဦးသိန်းစိန် လက်ထက်မှ စတင်ကာ မော်တင်စွန်းဘုရားပွဲတော်အား ပုံမှန်ကျင်းပနေကြ ၁၅မှ ၃၀ရက်အထိ တိုးချဲ့ခဲ့သော်လည်း ယခုနှစ်တွင် ရှေးယခင်နှစ်များနည်းတူ ၁၅ရက်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ယုံကြည်သူမယုံကြည်သူ အမျိုးမျိုးရှိကြပါတယ်၊ ဘုရားပွဲတော်ကတော့ ကျွန်တော်တို့ ဒေသရဲ့ ယုံကြည်မှုနဲ့လဲ သက်ဆိုင်နေတာမို့ မဖြစ်ဖြစ်အောင် မဟာမြိုင်ဆရာတော်ကြီးဦးဆောင်ပြီး စီစဉ်နေပါတယ်၊ ဘုရားဖူးတွေလဲ လာမယ်လို့ထင်ပါတယ်”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။

မော်တင်စွန်းဘုရားပွဲရက်ပိုင်းအတွင်း ရေယာဉ်များ တိုးချဲ့ပြေးဆွဲမည့်အစီအစဉ်များအား သီးခြားထုတ်ပြန်လာခြင်းများ မရှိသေးသော်လည်း ဒေသခံများမှ ဘုရားပွဲတော်ကျင်းပနိုင်ရေးအတွက် ရင်ပြင်တော်တိုးချဲ့ သန့်ရှင်းခြင်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မော်တင်စွန်း #ဧရာဝတီတိုင်း #ငပုတောမြို့