အခန်းပေါင်း ၇၇၀ ပါ၀င်သည့် NUG ၏ ရဲရင့်နွေဦး ကွန်ဒို စီမံကိန်း တစ်နာရီအတွင်း အားလုံးရောင်းကုန်

Author လင်းခိုင်
Categories
Published on Jan 22, 2023

အခန်းပေါင်း ၇၇၀ ပါ၀င်သည့် NUG၏ ရဲရင့်နွေဦးကွန်ဒို စီမံကိန်း တစ်နာရီအတွင်း အားလုံးရောင်းကုန်ခဲ့ကြောင်း စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဦးတင်ထွန်းနိုင်က ယင်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

ရဲရင့်နွေဦး ကွန်ဒိုအခန်းများကို ဇန်နဝါရီ ၂၁ ရက် ၊ ည ဆယ်နာရီအချိန်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ ရောင်းချသည့်အချိန် တစ်နာရီအတွင်း အခန်းအားလုံးရော င်းကုန်ခဲ့ခြင်းဖြစ်သည်။

“ ရဲရင့်နွေဦး ကွန်ဒိုအခန်း အားလုံး ရောင်းကုန်သွားပါပြီ၊ စုစုပေါင်း အခန်း ၇၇၀ ရှိတာမှာ၊ တစ်နာရီအတွင်း အခန်း ၇၀၀ နီးပါး ၀ယ်ယူအားပေးကြတဲ့ တော်လှန်ပြည်သူ တယောက်ချင်း၊ တဦးချင်းကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်” ဟု ပြည်ထောင်စု၀န်ကြီး ဦးတင်ထွန်းနိုင်က ဆိုသည်။

NUG ၏ စီမံကိန်းများကို ရှေ့တန်းမှ ရောင်းချပေးသည့် ကမ္ဘာတစ်လွှားမှ ထောက်ပို့ရဲဘော်များ၊ နောက်တန်းမှ နည်းပညာ၊ ဉာဏ်ပညာ မျှဝေကူညီပံ့ပိုးပေးနေသူအားလုံးကို လေးစားဦးညွတ်သည်ဟု ပြည်ထောင်စု၀န်ကြီး ဦးတင်ထွန်းနိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“ရင်တထိတ်ထိတ်နဲ့ လိုက်ပါအားပေးရင်း မုဒိတာပွား ကျေးနပ်အားရကြတဲ့ တော်လှန်ပြည်သူအားလုံးကို လည်းချင်စင်လေးစားလျှက်ပါ” ဟု ဦးတင်ထွန်းနိုင်က ပြောကြားသည်။

ရဲရင့်နွေဦးကွန်ဒို စီမံကိန်း အားလုံး၏ ရောင်းချငွေသည် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ရရှိမည်ဖြစ်ပြီး၊ ၈ သန်းကျော်ဖိုးဖြစ်သည့် ၈၀ ရာခိုင်နှုန်းသည် မရောင်းချခင်ထဲက အမှာစာများ ရရှိခဲ့ခြင်းဖြစ်သည်။

ရဲရင့်နွေဦး ကွန်ဒို စီမံကိန်းသည် EOD ၏ ၂၀၂၃ စီမံကိန်းများထဲမှ ပထမဆုံးစီမံကိန်းဖြစ်ပြီး ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ၊ ၁၀၆ စစ်တပ်ပိုင် မြေနေရာတွင် အကောင်အထည်ဖော် ဆောက်လုပ်မည့် စီမံကိန်းဖြစ်ပြီး၊ တော်လှန်ရေးကာလအလွန်တွင် စီးပွားရေး အဆင့်မြင့် အဆောက်အဦးများ၊ ဟိုတယ်၊ စီးပွားရေးစင်တာ စသည်များကို ဆက်စပ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် Studioအခန်း၊ 1-Bedroom၊ 2-Bedroom ၊ 3-Bedroom အမျိုးအစားများပါ၀င်ပြီး အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၈၇၅၀ မှ အများဆုံး အမေရကိန်ဒေါ်လာ ၄၀၅၀၀ အဖြစ် စျေးသတ်မှတ်ရောင်းချခဲ့သည်။

၀ယ်ယူသူများအနေဖြင့် ပထမအရစ် ၄၀ ရာခိုင်နှုန်းပေးသွင်းကာ၊ သုံးလတိတိ လစဉ် အရစ်ကြ ငွေပေးသွင်းရမည် ဖြစ်ကြောင်းလည်း သိရသည်။

NUG အနေဖြင့် Bond ရောင်းရငွေ၊ စီမံကိန်းများမှ ရရှိငွေများသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဦးတင်ထွန်းနိုင်က ပြောကြားထားသေးသည်။