မြောင်းမြမြို့တွင် ရေယာဉ်များ လိုင်စင်သက်တမ်းတိုးရာ၌ သတ်မှတ်စျေးနှုန်းထက် သုံးဆနီးပါး ပိုမိုတောင်းယူနေ

Author စကားဝါ
Categories
Published on Jan 21, 2023

ဧရာဝတီတိုင်း မြောင်းမြမြို့တွင် ရေယာဉ်များ လိုင်စင်သက်တမ်းတိုးရာ၌ မြို့နယ် ပုဂ္ဂလိကရေယာဉ်လုပ်ငန်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီမှ သတ်မှတ် လိုင်စင်တန်ဖိုးထက် သုံးဆနီးပါး ပိုမို တောင်းခံနေကြောင်း ဒေသခံ ရေယာဉ်လုပ်ငန်းရှင်များထံမှ သိရသည်။

အလျား ၂၂ပေဝန်းကျင်ရှိ ပဲ့ထောင်တစ်စင်းလျှင် လိုင်စင်တန်ဖိုးမှာ ၇သောင်းကျပ်သာ သတ်မှတ်ထားသော်လည်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပုဂ္ဂလိကရေယာဉ်လုပ်ငန်း ရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကြီးကြပ်မှုကော်မတီမှ နှစ်သိန်းကျပ်အထိ တောင်းခံနေကြောင်း ရေယာဉ်လုပ်ငန်းရှင်တစ်ဦးမှ ပြောသည်။
“ခုနှစ်သောင်းပေး ပေးရမှာကို စာရွက်ထဲမှာသာ ရေးထားတယ် အပြင်မှာကျ နှစ်သိန်းတောင်းတယ်၊ မပေးရင် လုပ်မပေးဘူး တမင်လုပ်စားနေကြတယ်”ဟု ရေယာဉ်လုပ်ငန်းရှင်တစ်ဦးမှ ပြောသည်။

ထို့အပြင် ပုဂ္ဂလိကရေယာဉ်လုပ်ငန်းရှင်များကို စစ်ကောင်စီတပ်နှင့် အပေါင်းအပါများက အပတ်စဉ် ရေကြောင်းလုံခြုံရေးအတွက်ဟုဆိုကာ ရေယာဉ်များကို ချောဆွဲလေ့ရှိပြီး ဆီဖိုးကုန်ကျငွေများကိုပါ ပြန်လည် ပေးခြင်း မရှိကြောင်း သိရသည်။

“လုံခြုံရေးကင်းလှည့်တယ်ဆိုပြီး စက်လှေတွေကိုခေါ်တယ် ပြီးတော့ ပိုက်ဆံတပြားမှ မပေးဘူး၊ မလိုက်ရင်လဲ နည်းအမျိုးမျိုးနဲ့ အဖမ်းခံရမှာ”ဟု အဆိုပါ လုပ်ငန်းရှင်မှ ဆက်လက်ပြောကြားသည်။

ဧရာဝတီတိုင်းအတွင်း PDFများ ရေကြောင်းမှ ဝင်ရောက်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီမှ ရေယာဉ်များကို မြို့နယ်အလိုက် အရောင်များခွဲခြားကာ ဆေးအသစ်များသုတ်ခိုင်းထားကြောင်းလည်း သိရသည်။

ဓာတ်ပုံ-ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဧရာဝတီတိုင်း #မြောင်းမြ #ရေယာဉ်