စစ်ကောင်စီကို တွန်းလှန်ရန် နည်းဗျူဟာ ကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး ပန်းမ၀င်ခင် တက်မချရန် ပြည်ထောင်စု၀န်ကြီးချုပ် သတိပေး

Author လင်းခိုင်
Categories
Published on Jan 20, 2023

 

စစ်ကောင်စီကို တွန်းလှန်ရန် နည်းဗျူဟာ ကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပန်းမ၀င်ခင် တက်မချရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု၀န်ကြီးချုပ် မန်း၀င်းခိုင်သန်းက ပြောကြားသည်။

ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်သည့် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ ပြည်ထောင်စု၀န်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု ၀န်ကြီးချုပ်က အမှာစကားပြောကြားရာတွင် စစ်အာဏာရှင်စနစ်ကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တွန်းလှန်ခဲ့သော်လည်း ယခု နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို သော်လည်းကောင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများကြား သံသယများနှင့် မယုံကြည်မှုများ၊ အမြင်ကွဲပြားမှု ဖြစ်နေခြင်းကို လည်းကောင်း တစ်ခါတည်း ဖယ်ရှားပြီး အားလုံး တောင့်တနေကြသည့် ဖက်ဒရယ်နိုင်ငံသစ်ဆီသို့ လှမ်းနိုင်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် မျက်နှာစာမျိုးစုံတွင် အချိန်၊ အသက်သွေးချွေးများ ပေးဆပ်ခံရကြောင်း၊ အောင်ပွဲများ သိသိသာသာရရှိနေပြီး၊ စစ်ကောင်စီသည် တဖြည်းဖြည်း ဆုတ်ယုတ် ပျက်စီးလာသည်ကိုလည်း မြင်တွေ့ရမည်ဖြစ်ကြောင်း ပြည်ထောင်စု၀န်ကြီးချုပ်က ဆိုသည်။

စစ်ကောင်စီဘက်မှ ပေါက်ကြားလာသည့် သတင်းအချက်အလက်များမှ ရှောင်ရှား၊ သတိထားစရာများကိုလည်း မြင်တွေ့ရကြောင်း၊ အရေးကြီးဆုံးသည် လုံခြုံရေးဖြစ်ကြောင်း၊ မိမိတို့၏ ကာကွယ်ရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး ဆိုင်ရာ အချက်အလက်များကိုလည်း ယခုကဲ့သို့ ပေါက်ကြားမှု မရှိစေရေးအတွက် လုံခြုံရေးအသိ၊ လုံခြုံရေးသတိနှင့် ထုတ်ကြရန် ပြည်ထောင်စု၀န်ကြီးချုပ်က သတိပေးပြောကြားသည်။

စစ်ကောင်စီသည် အင်အားချိနဲ့ နေပြီဖြစ်သည့်အတွက် ယခုတစ်ကြိမ်သည် အမြစ်ပြတ်ဖယ်ရှားရန်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ရေသောက်မြစ်များကို ဖြတ်တောက်ပြီး စစ်ကောင်စီအား အမြစ်က တွန်းလှဲရန်သာ ကျန်ရှိတော့ကြောင်း၊ နှစ်ပေါင်းများစွာ တည်မြဲခဲ့သည့် အာဏာရှင်အား တွန်းလှဲရန်အတွက် အင်အားများများ၊ နည်းဗျူဟာကောင်းကောင်းနှင့် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ ပန်းမ၀င်ခင် တက်မချဘဲ ပန်း၀င်သည်အထိ လှော်ခတ်ကြရန် ပြည်ထောင်စု ၀န်ကြီးချုပ်က တိုက်တွန်းထားသည်။

ထို့ပြင် တော်လှန်ရေး၏ အထောက်အပံ့ဖြစ်သည့် ၀င်ငွေစီးကြောင်း ဖြတ်တောက်ရန် ဆောင်ရွက်နေသည်များကိုလည်း သတိထားရမည်ဖြစ်ကြောင်း၊ ထိခိုက်ဆုံးရှုံးမှုများအတွက်လည်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးများ စဉ်းစား လုပ်ဆောင်ရမည်ဖြစ်ကြောင်း ယင်းက ဆိုသည်။

ဆက်လက်ပြီး ပြန်လည်နလန်ထူရန် အတွက် များစွာ အားထုတ်ရမည်ဖြစ်ပြီး၊ လူထုပြန်လည်ထူထောင်ရေး၊ စားနပ်ရိက္ခာ ဖြည့်ဆည်းနိုင်ရေး၊ အုပ်ချုပ်ရေး ယန္တရားများ လည်ပတ်နိ်ုငရေးအတွက် အရေးကြီးသည့် အဆောက်အအုံများ ထိန်းသိမ်းကာကွယ်ခြင်းတို့တွင် ကာကွယ်ရေးနှင့် လုံခြုံရေးတို့ကို ထည့်သွင်း စဉ်းစားပြီး ဆောင်ရွက်သွားရမည်ဖြစ်ဟု ပြည်ထောင်စု၀န်ကြီးချုပ်က ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #ပြည်ထောင်စုဝန်ကြီးချုပ် #မန်းဝင်းခိုင်သန်း #နွေဦးတော်လှန်ရေး