စစ်ကောင်စီတပ်နှင့်ပေါင်းပြီး ဖမ်းဆီးမှုပြုလုပ်နေသည့် ရာအိမ်မှူးအဖွဲ့ပစ်ခတ်ခံရ တစ်ဦးသေ သုံးဦးဒဏ်ရာရ

Author အောင်နိူင်သူ
Categories
Published on Aug 31, 2022

စစ်ကောင်စီတပ်နှင့်ပေါင်းပြီး ပြည်သူလူထုကို ဖမ်းဆီးမှုတွေပြုလုပ်နေသည့် ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်က အုပ်ချုပ်ရေးမှူးအဖွဲ့ ယမန်နေ့ညပိုင်းက ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ဒလမြို့နယ် သမ္မတကမ်းခြေရပ်ကွက်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင် အုပ်စုလိုက်စောင့်ကြည့်တာဝန်ယူထားချိန် အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့ရာ ရာအိမ်မှုးတစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မနေ့ညက စစ်တပ်နဲ့ကင်းလှည့်ပြီး လ္ဘက်ရည်ဆိုင်မှာ စစ်တပ်က စောင့်ကြည့်တာဝန်ပေးခဲ့တာ အဲ့အချိန်အပစ်ခံရတာ သေနတ်သံ ၁၂ချက်လောက်ရှိတယ်”ဟု ပြောသည်။

ပစ်ခတ်မှု ကြောင့် ရာအိမ်မှူးဦးစိုးမင်းဦး သေဆုံးကာ ရာအိမ်မှူးဦးရဲဇော်ထွန်း၊ဦးဇေပိုင်ဦး၊ ဦးအောင်မင်းသိုက် တိုသုံးဦးမှာကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည် ဟု ရပ်မိရပ်ဖတစ်ဦးကပြောသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်များသည် သမ္မတကမ်းခြေစျေးလမ်းတွင် လမ်းသွားလမ်းလာတွေကို စစ်ဆေးမှုတွေပြုလုပ်ခဲ့သည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ရန်ကုန်တွင် ယမန်နေ့နေ့လယ်ပိုင်းကလည်း အင်းစိန်အကျဥ်းထောင်ထဲက ထွက်လာသည့် ဒုတိယမြို့နယ်တရားသူကြီးကား သေနတ်ဖြင့်အပစ်ခံရပြီး မြို့နယ်ဥပဒေအရာရှိ အပါအဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်လည်း ရှိသည်။