သုံးခွမြို့နယ် ကတုံးပေါ်ရဲစခန်းတွင် ပစ်ခတ်မှုဖြစ် ရဲတစ်ဦးသေ သုံးဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Jan 08, 2023

 

သုံးခွမြို့နယ် ကတုံးပေါ် နယ်မြေရဲစခန်းကို ယနေ့ နံနက် ၄နာရီ ၃၀မိနစ်ခန့်ကက အမည်မသိအဖွဲ့မှ လာရောက် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ လက်အောက်ခံရဲများ တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ကတုံးပေါ် နယ်မြေရဲစခန်းတွင် ရဲအုပ်ဝင်းညွန့်နှင့်အဖွဲ့ တာဝန်ကျနေစဥ် ယနေ့ နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင်
ဆောင်ထားသူတွေက လာရောက် ပစ်ခတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“မနက်အစောကြီး သေနတ်သံတွေကြားပြီး ရဲစခန်းဘက်ကို လူနာတင်ယာဥ်တွေ သွားတယ် သေတဲ့သူတွေရော ဒဏ်ရာရသူတွေ ပါရှိတယ်”ဟု ပြောသည်။

ပစ်ခတ်မှုကြောင့် ရဲတပ်သားတစ်ဦးကနဦး သေဆုံးပြီးသုံးဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ရာ သုံးခွမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နေအိမ်လိုင်းခန်းတစ်ခုမီးလောင်ပျက်စီးသွားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“မနက်ကရတဲ့ သတင်းအရ ရဲတပ်သားတစ်ဦး သေတယ် သုံးဦးကလည်း အခြေအနေမကောင်းဘူး ရဲတပ်သားနှစ်ဦးနဲ့ ရဲမေတစ်ဦး “ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် ကတုံးပေါ် နယ်မြေရဲစခန်းတွင် စစ်ကောင်စီတပ် အင်အားများပြားစွာ ရောက်ရှိနေပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သုံးခွမြို့နယ်ရဲစခန်းနှင့် ကတုံးပေါ်နယ်မြေရဲစခန်းမှာ မကြာခဏပစ်ခတ်ခံရ၍
သေဆုံးသူနှင့် ဒဏ်ရာရသူများ ရှိသည်။
ပစ်ခတ်မှုဖြစ်စဉ်နှင့် ပက်သက်ပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်ခဲ့သည်ကိုမူ သတင်းထုတ်ပြန်မှု မရှိသေးပေ။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #သုံးခွမြို့ #ကတုံးပေါ်နယ်မြေ #နယ်မြေရဲစခန်း #အတိုက်ခံရ