၂၀၂၂ ခုနှစ်အတွင်း KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး နှစ်ဦးအပါအ၀င် ၁၃၀၀ ကျော်သေဆုံး

Author လင်းခိုင်
Categories
Published on Jan 07, 2023

 

၂၀၂၂ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်တွင် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး နှစ်ဦးအပါအ၀င် ၁၃၀၀ ကျော်သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်က ယနေ့ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ မူတြော်ခရိုင်တွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီနှင့် BGF တို့အကြား တိုက်ပွဲပေါင်း ၂၇၃၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့၀င်များဘက်မှ ၁၃၀၇ ဦးသေဆုံးကာ၊ ၉၇၂ ဦးထိခိုက်ခဲ့ပြီး၊ KNLA ဘက်မှ အယောက် ၅၀ ကျော်သေဆုံးခဲ့ပြီး၊ ၁၈၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီဘက်မှ သေဆုံးသူများထဲတွင် တပ်ရင်းမှူး ၂ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၆ ဦး၊ ဒုတိယဗိုလ် ၆ ဦး၊ တပ်ကြပ်ကြီး ၉ ဦး၊ တပ်ကြပ် ၁ ဦးပါ၀င်ခဲ့ကာ၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် တပ်ရင်းမှူး ၄ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၂ဦး၊ ဗိုလ် ၁ဦး၊ ဒုဗိုလ် ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးနှင့် ဒုတပ်ကြပ် ၁ဦးတို့ပါ၀င်ခဲ့သည်။

ထို့ပြင် တစ်နှစ်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်သယ်ယူရာတွင် အသုံးပြုသည့် မြင်း အကောင် ၆သသေဆုံးပြီး၊ ၂၃ ကောင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကား ၅၅ စီးနှင့် စစ်ကောင်စီ အဆောက်အဦး အလုံး ၂၀ ကိုလည်း KNLA ဘက်မှ ဖျက်ဆီးနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များသည် မူတြော်ခရိုင်အတွင်းရှိ ဒေသခံကျေးရွာနှင့် လုပ်ငန်းခွင်များထဲသို့ လက်နက်ကြီး အလုံးရေ ၂၀၀၁လုံးနှင့် လေယာဉ်ကြောင်းပစ်ကူ ၃၅ ကြိမ်မှ ဗုံးသီးကြီး ၁၈၂လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၄၁ ဦးသေဆုံးပြီး၊ ၉၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ နေအိမ် ၉၆လုံး၊ ဘုရားရှိခိုးကျောင်း ၂လုံး၊ စပါးကျည် ၁၀လုံး၊ ဒေသခံများ၏ ကျွဲ ၉ ကောင်နှင့် နွား ၇ကောင်သေဆုံးခဲ့သည့်အပြင် ပြည်သူပိုင် ဆန်များနှင့် ဘတ်ငွေ ၅၀၀၀၀ ကျော်ကိုလည်း စစ်တပ်မှ အတင်းအဓမ္မလုယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဓာတ်ပုံ-မူတြော်သတင်းစဉ်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #KNU #မူတြော်