ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် သေဆုံးသွားသည့် တပ်မ ၂၈၄ ယာယီတပ်ရင်းမှူး နာရေးအား နေအိမ်တွင် ပြုလုပ်ရန် ဆောင်ရွက်နေမှု စစ်တပ်က ဖျက်သိမ်းခိုင်း၍ နာရေးလုပ်ခွင့်မရ

Author လင်းခိုင်
Categories
Published on Jan 06, 2023

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲတွင် ဇန်နဝါရီ ၄ ရက်က သေဆုံးခဲ့သည့် တပ်မ ၂၈၄ ယာယီတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း နာရေးအား မြောင်းမြနေအိမ်တွင် ပြုလုပ်ရန် ဆောင်ရွက်နေမှုအား စစ်တပ်က ဖျက်သိမ်းခိုင်းခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ အခုလ ၄ ရက်နေ့မှာ သူသေတယ်ဆိုလို့၊ မိဘတွေက ၅ ရက်နေ့မှာ နာရေးအတွက် ပြင်ဆင်မှုတွေလုပ်ပြီးပြီ၊ အဲ့ဒါကို စစ်တပ်ကနေလာပြီး ဖျက်သိမ်းခိုင်းတာ။ နာရေးနဲ့ ပတ်သက်တာ ဘာမှ မလုပ်နဲ့ဆိုပြီးတော့ လာတားတာ” ဟု ဒုဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်း မိသားစုနှင့် နီးစပ်သူ တစ်ဦးက CJ Platform သို့ပြောကြားသည်။

ကြားအင်ဆိပ်ကြီးတိုက်ပွဲတွင် သေဆုံးခဲ့သည့် ဒုဗိုလ်မှူးကြီး မင်းမောင်မောင်ဟိန်းသည် မြောင်းမြမြို့၊ ၇ ရပ်ကွက်၊ ထောင်ရောင်နေလမ်း၊ အလယ်တောရ အနီးတွင် နေထိုင်သူဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်တွင် တာ၀န်ကျနေသူ ဖြစ်သည်။

“သူ့မှာ မိန်းမလည်းရှိတယ်။အဖေက ကိုဗစ်နဲ့ဆုံးထားတာ၊အမေတော့ရှိသေးတယ်။ သူ့အိမ်က ဘုန်းကြီးကျောင်း နှစ်ကျောင်းရဲ့အလယ်မှာ ၊ နာရေးအိမ်ပုံစံမျိုး၊ ဆွမ်းကျွေးတာတွေ၊ တရားနာတာတွေ၊ ရက်လည် ဆွမ်းကျွေးတာတွေ ဘာဆိုဘာမှ မလုပ်ခိုင်းဘဲလာတားတာ။ ဘုန်ကြီးကျောင်း နှစ်ကျောင်းကြားထဲမှာ နေပြီးတော့ ရက်လည်တောင် လုပ်ခွင့်မရတဲ့ အဖြစ်လေ”ဟု နီးစပ်သူ တစ်ဦးက ဆက်လက်ပြောကြားသည်။

ယခုကဲ့သို့ နာရေးပြင်ဆင်မှု ဖျက်သိမ်းခိုင်းသည်ကို မည်သူ့ကိုမှ ပြောကြားခြင်းမပြုရန်ကိုလည်း မိသားစုအား သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၄ ရက်က ကြာအင်းဆိပ်ကြီး ခလရ ၃၂၊ ခလရ ၂၈၄၊ ခလရ ၂၈၃ တပ်ရင်းများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ခလရ ၂၈၄ ယာယီတပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူး မင်းမောင်မောင်ဟိန်းအပါအ၀င် စစ်သားအများအပြားသေဆုံးခဲ့ကာ အလောင်းများကို ကားများဖြင့် အခေါက်ခေါက်အခါအခါ သယ်ထုတ်ခဲ့ရကြောင်းလည်း သိရသည်။

စစ်ကောင်စီသည် ၎င်းတို့၏ တပ်ပျက် ကျဆုံးနေမှုအား ပြည်သူများ မသိစေရန် ရာထူးမြင့် အရာရှိများ၏ နာရေးများအား နေအိမ်များတွင် ဘာသာရေး ဓလေ့ထုံးစံနှင့်အညီ လုပ်ဆောင်မှုများအား တားမြစ်နေပြီး၊ လက်အောက်ငယ်များ သေဆုံးကျဆုံးရာတွင်မူ အလောင်းများအား တွေ့သည့်နေရာတွင် စွန့်ပစ်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။
ဓာတ်ပုံ-ပေးပို့