D.M.O PDF Drone တပ်ဖွဲ့မှ ဒရုံးဗုံးသီးများကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ပြီး အရေအတွက် ပိုမိုထုတ်လုပ်နိုင်ရန် ငွေကြေး လိုအပ်မှုများရှိနေ

Author လင်းခိုင်
Categories
Published on Jan 04, 2023

 

ဒီမော့ဆိုမြို့နယ် အခြေစိုက်၊ D.M.O PDF Drone တပ်ဖွဲ့မှ ဒရုံးဗုံးသီးများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီး အရေအတွက် ပိုမိုထုတ်လုပ်နိုင်ရန် ငွေကြေးလိုအပ်မှုများရှိနေကြောင်း၊ Drone တပ်ဖွဲ့ရုံးအုပ်(စီမံ) Amelia က CJ Platform သို့ပြောသည်။

“ အသီးကို ၂၀၂၂ နှစ်၀က်မှာ စထုတ်တယ်။ ပထမဆုံးအသီးခွံကို ၈လပိုင်းမှာ ထုတ်လုပ်နိုင်ခဲ့တယ်။ ၄၀ မမ ဗုံးသီး အမျိုးအစားကို ထုတ်လုပ်နိုင်ခဲ့တာ၊ ဆက်လက်ထုတ်လုပ်ဖို့ ငွေကြေးအကူအညီ လိုအပ်နေပါတယ်” ဟု Amelia က ပြောကြားသည်။

ထိုကဲ့သို့ ဗုံးသီးများ ထုတ်လုပ်ရာတွင် ရဲဘော် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုထုတ်လုပ်နိုင်ခဲ့သည့် ဗုံးသီးများသည် မြေပြင်တွင် လက်တွေ့အသုံးပြုရာတွင် ထိရောက်မှုသည် ယခင်၀ယ်ယူအသုံးပြုခဲ့သည့် ဗုံးသီးများထက် လုံခြုံဘေးကင်းကြောင်း D.M.O PDF Drone တပ်ဖွဲ့ က ဆိုသည်။

ဗုံးသီး ထုတ်လုပ်မှု ကုန်ကျစရိတ်သည် တစ်လုံးလျှင် ကျပ်တစ်သိန်းခန့် ကျသင့်ကာ တစ်လ အလုံး ၂၀ ခန့် ထုတ်လုပ်နိုင်ကြောင်း၊ ဗုံးခွံထုတ်လုပ်ရန် Printer နှစ်လုံးရှိသော်လည်း အရေအတွက် ပိုမိုတ်လုပ်နိုင်ရန် အနည်းဆုံး နောက်ဆုံ ၂လုံး ထပ်မံ လိုအပ်နေခြင်းဖြစ်သည်။

“Printer တစ်လုံးကို သိန်းငါးရာလောက်ရှိပါတယ်။ ပြီးတော့ ကုန်ကြမ်း၀ယ်ယူဖို့အတွက် ပြည်ပက၀ယ်ယူတဲ့အခါ လမ်းခရီးအခက်အခဲတွေ၊ ငွေကြေးလဲလှယ်နှုန်းတွေကြောင့် အခက်အခဲများစွာရှိပါတယ်” ဟု Amelia ကဆက်လက်ပြောကြားသည်။

D.M.O PDF Drone တပ်ဖွဲ့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ စတင်ကာ Drone မောင်းနှင်ခြင်းနှင့် ပတ်သက်သည့် နည်းပညာများကို ရဲဘော် ၂၀ ဖြင့် သင်ကြားမှုများပြုလုပ်ပြီး စစ်ကောင်စီအား ထောက်လှမ်းခြင်း ၊ Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

ဓာတ်ပုံ- D.M.O PDF Drone တပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #DMOPDF #ကရင်နီပြည်