မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၄ ဦးကို ဖြုတ်ပစ်၊ စစ်ကောင်စီသတင်းပေးများကို အသစ်ပြန်ခန့်

Author ကိုပေါက်
Categories
Published on Dec 19, 2022

မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၄ ဦးကို မင်္ဂလာဒုံတပ်နယ်မှူး၏ စေခိုင်းချက်ဖြင့် တာဝန်မှရပ်နားလိုက်ပြီး စစ်ကောင်စီသတင်းပေးများကို ပြန်လည်ခန့်အပ်လိုက်သည်ဟု မြို့ခံတွေဆီက သိရသည်။

အနားပေးလိုက်သည့် အုပ်ချုပ်ရေးမှူးများမှာ ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်
ပဲခူးလမ်းရပ်ကွက် ၊ထောက်ကြန့်မြောက်ပိုင်းရပ်ကွက်၊ ရွာမပိုင်းရပ်ကွက်၊ နွယ်ခွေကျေးရွာအုပ်စု ၊ပြန်လည်နေရာချထားရေးရပ်ကွက် ၊တောတိုက်ရပ်ကွက်၊စမ်းကြီး၀ရပ်ကွက်၊အမှတ် ၃ (ခ) ရပ်ကွက်၊ ချစ်တီးကုန်းရပ်ကွက် ၊အနန်းပင်ရပ်ကွက်၊ ကြံခင်းစုရပ်ကွက်၊ပေါက်ကုန်းရပ်ကွက်များမှ ဖြစ်သည်ဟု အုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“တပ်နယ်မှူးက ဖြုတ်ခိုင်းတာပေါ့ ၁၅ ရက်နေ့က ဖြုတ်လိုက်တာ၊ လက်တွဲလို့မရဘူးဆိုပြီး သတင်းမပေးလို့ပေါ့ သတင်းလည်းပေး သူတို့နဲ့ လက်တွဲလို့ရမဲ့သူကို ပြန်ခန့်မှာပေါ့”ဟု ပြောသည်။

ပြန်လည်ခန့်အပ်မည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနေရာတွင် စစ်မှုထမ်းဟောင်း ၊ပြည်ခိုင်ဖြိုးပါတီဝင်၊ ရဲအမှုထမ်းဟောင်းနှင့် စွမ်းအားရှင်အဖွဲ့ များမှ တစ်ဦးကို ပြန်လည်ခန့်မှာဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဘုန်းကြီးတွေကိုရိုက်ခဲ့တဲ့ စွမ်းအားရှင်အဖွဲ့က လူတွေတောင် လှိုင်သာယာဘက်မှာပြန်ခန့်ထားတာရှိတယ် မြို့နယ်လူတွေလည်း အသိပဲ၊ ကြံ့ခိုင်ရေးကဝင်လုပ်ရဲမှာ မဟုတ်ဘူး”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းနေသော ဗိုလ်မှူးချုပ်ဟောင်း ခင်ရီ အတွက်
ပြည်ခိုင်ဖြိုးပါတီဝင်များကို ပြန်ခန့်နိူင်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“အခုဆို စစ်တပ်ကလည်း လုံခြုံရေးပေးတယ် ဦးခင်ရီဆို တောက်လျှောက် စည်းရုံးရေးဆင်းနေတော့ ဦးသိန်းစိန်
လက်ထက်ကလို စည်းရုံးရေးမှူးတွေကို ပြန်ခန့်မယ်လို့လည်းကြားတယ် ဒါပေမဲ့ ဘယ်သူမှလုပ်ရဲမှာမဟုတ်ဘူး”
ရှင်းပြသည်။

လက်ရှိအခြေအနေတွင် အဆိုပါ တာဝန်မှရပ်နားလိုက်သည့် ရပ်ကွက်များတွင် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က သတင်းပေးနိူင်သူများကိုသာ သီးသန့်ရွေးချယ် ခန့်ထားသွားမည်ဟု ကြားသိရကြောင်း ရပ်ကွက်နေသူတွေဆီက သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အုပ်ချုပ်ရေးမှူး #စစ်မှုထမ်းဟောင်း