ကူးတို့သဘောင်္ာပေါ် ပေါက်ကွဲမှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ တာ၀န်ခံရမည်ဖြစ်ကာ စစ်တပ်နှင့်ဒလန်များသည် PDF အယောင်ဆောင်ပြီး ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လာကြောင်း ပူးတွဲထုတ်ပြန်
ပန်းဆိုးတန်း-ဒလ ကူးတို့ သင်္ဘောပေါ်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ တာ၀န်ခံရမည်ဖြစ်ကာ စစ်တပ်နှင့်ဒလန်များသည် PDF အယောင်ဆောင်ပြီး ဖောက်ခွဲဖျက်ဆီးမှုများ လုပ်ဆောင်လာကြောင်း ဒလ PDF နှင့် တော်လှန်ရေးအဖွဲကများက ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
အာဏာရှင် စနစ် အပြီးတိုင်ချေမှုန်းနိုင်ရန် ကျွန်ုပ်တို့ဒလမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အနေဖြင့် တော်လှန်ရေးမဟာမိတ်အင်အားစုများ Local Defence forces များအပြင် မြို့နယ် ဌာနဆိုင်ရာများမှ ဖရဲသီးအချို့ပူးပေါင်းပြီး စစ်ကောင်စီထောက်တိုင်များကို အကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တော်လှန်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သော်လည်း မြို့တွင်းအခြေအနေများကြောင့် မြို့သူမြို့သားများ၏ အန္တရာယ်ကင်းရှင်းရေးအပြင် စိတ်ပိုင်းဆိုင်ရာလုံခြုံရေးကို ရှေးရှု့ကာ ထုတ်ဖော်မှုများမပြုလုပ်ခဲ့ကြောင်း၊ သို့ရာတွင် လတ်တလောအခြေအနေများအရ စစ်ကောင်စီနှင့် ဒလန်များသည် ကျွန်ုပ်တို့ကဲ့သို့ အယောင်ဆောင်ပြီး ပြည်သူများကို ဖုန်းဖြင့်ခြိမ်းခြောက်ခြင်း၊ ကာယံမြောက်ငွေညှစ်ခြင်း၊ ပြည်သူများထိခိုက်နိုင်သည့်ရောများတွင် ဖောက်ခွဲမှုများပြုလုပ်လာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ ရဲဘော် ၂၁ ဦးနဲ့ Cobra Freedomက ရဲဘော် ၃ဦး ဖမ်းခံရလို့ စိတ်ညစ်နေချိန် အခုလို အများပြည်သူသုံး နေရာမှာ ပေါက်ကွဲတာဆိုတော့ ပိုဒေါသထွက်မိတယ်” ဟု ဒလ PDF မှ တာ၀န်ရှိသူတစ်ဦးက CJ Platform သို့ပြောကြားသည်။
ပြည်သူ့ဘက်တော်သားများ ပီပီ ယခုဖြစ်စဉ်ကဲ့သို့သော ပြည်သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမျာကို လုံး၀ ပြုလုပ်မည်မဟုတ်ကြောင်း၊ ပြည်သူများထိခိုက်မှုအတွက် လွန်စွာ စိတ်မကောင်းဖြစ်ရပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သည့် လုပ်ဆောင်ခဲ့သည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအားပြင်းထန်စွာရှုံ့ချပြီး ယင်းလုပ်ရပ်ကို တာ၀န်ခံရမည်ဟု ထုတ်ပြန်ချက်တွင် သတိပေးထားသည်။
ယင်းကဲ့သို့ဖြစ်ရပ်များနှင့် ဆက်လက်ဖြစ်ပေါ်လာပါက ကျွန်ုပ်တို့နှင့် မသက်ဆိုင်ကြောင်း ဒလမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ်အင်အားစုများ၊ Local Defence Forces တို့က ပူးတွဲထုတ်ပြန်ထားသည်။
ဒီဇင်ဘာ ၁၈ ရက် ညပိ်ုင်းတွင် ရန်ကုန်မြို့၊ ပန်းဆိုးတန်းမှ ဒလဘက်သို့ ကူးနေသည့် ချယ်ရီ ၂ ကူးတို့သင်္ဘောပေါ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။