စစ်ကောင်စီဝါဒဖြန့်သကဲ့သို့ လက်နက်သိမ်းဆည်းခံရခြင်းမရှိဟု TNLAထုတ်ပြန်
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်း ရက်သတ္တပတ်တစ်ခုကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ၏ လက်နက်များကို သိမ်းဆည်းရမိသည်ဟူသော ပြောဆိုချက်သည် စစ်ကောင်စီမှ ဝါဒဖြန့်မှုသာဖြစ်ပြီး မဟုတ်မှန်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ နမ့်ဆန်မြို့နယ်အတွင်းရှိ ကုန်းသာရွာ ဟူမန်းရွာ မန်လုံးရွာအနီးတဝိုက်ရှိ TNLAစခန်းများကို စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။
ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ Mi 17 ၊Mi 35 ရဟတ်ယာဥ်များဖြင့် ၂၈ ကြိမ် ၊တိုက်ခိုက်ရေး ဂျက်လေယာဥ်ဖြင့် ၃၂ ကြိမ်၊ မန်တုံနှင့် နမ့်ဆန်မြို့များမှ လက်နက်ကြီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာများကို ပစ်ကူပေးခဲ့ကြောင်း TNLAမှ ဆိုထားသည်။
ထို့အပြင် စစ်ကောင်စီမှ တိုက်ပွဲများအတွင်း ပိတ်မိနေသည့် စစ်ကောင်စီ၏ စကခ ၂၁ မှ တပ်သားများအား ကယ်ဆယ်နိုင်ရန် ရေပုံးနှင့်ကုန်းသာတောင်ကြောကို ပေါင် ၅၀၀ ဗုံး ၁၂ လုံးထိကြဲချခဲ့တာကြောင့် ပိတ်မိစစ်သားများ လွတ်မြောက်ခဲ့ကြောင်း၊ TNLAမှ ကုန်းသာကျေးရွာအတွင်းသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တန်ပြန်ထိုးစစ်ဆင်ရာမှာလည်း စစ်သားအများအပြား ထွက်ပြေးသွားတာကြောင့် ဒီဇင်ဘာ ၁၃ ရက်နေ့မှစတင်ကာ အဆိုပါ ဒေသတဝိုက်ကို နယ်မြေရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်သားအများအပြားသေဆုံး ဒဏ်ရာရရှိခဲ့ပြီး အသက်ရှင်လျက် ဖမ်းမိသူတချို့ရှိခဲ့ကာ ၎င်းတို့ထံမှ ငါးကြင်းမြီးစက်သေနတ် တစ်လက်၊ စက်သေနတ်ကြီး တစ်လက် ၊စက်သေနတ်လေး တစ်လက်၊ ဘက်ခေါက် သေနတ် နှစ်လက်၊ 22လက်ထောက်တွဲ သေနတ် တစ်လက်၊ RPG 7/2 အသီး ၉လုံး ၊M-9အသီး၇ လုံးမိုင်းများနှင့် ကျည်ဆံ ၁၂၀၀ ကျော်အပါအဝင် ဆက်သွယ်ရေးစက် ဖုန်းနှင့် အခြားအသုံးအဆောင်များပါ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့အပြင့် အဆိုပါတိုက်ပွဲအတွင်း TNLA အရာရှိနှင့် တပ်သားတချို့လဲ ကျဆုံးခဲ့ရပြီး စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာမှ ပြောဆိုသလို TNLAနှင့်NUG PDFများ၏ လက်နက်များကိုလည်း စစ်ကောင်စီတပ်၏ သိမ်းဆည်းသွားနိုင်ခြင်း မရှိကြောင်းလည်း TNLAမှ ဆိုထားသည်။
တပတ်တာ တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဟူမန်း၊ ကုန်းသာ၊ မန်လုံးကျေးရွာများမှ နေအိမ်နှင့် ဘာသာရေးအဆောက်အအုံတချို့ ပျက်စီးခဲ့ပြီး ကုန်းသာရွာသားနှစ်ဦးလဲ လက်နက်ကြီးထိမှန် သေဆုံးကာ အရပ်သားထောင်ချီ စစ်ဘေးသင့်ခဲ့ရတာပဲ ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်း မကွေး ကရင်နှင့် ကရင်နီပြည်နယ်များမှာ လေကြာင်းစစ်ဆင်ရေး အလွန်အကျွံအသုံးပြုပြီး အလုံးစုံပျက်သုန်းရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်သည် တအာင်းဒေသကိုလဲ ကျုးလွန်ဖျက်ဆီးရန် ကြိုးစားနေမှုအပေါ် တအာင်းဒေသခံများအနေဖြင့် တော်လှန်ရေးသတိအမြဲထားရှိပြီး ညီညွှတ်စွာခုခံတော်လှန်ကြဖို့ကိုလည်းTNLAမှတိုက်တွန်းထားသည်။
ပုံစာညွှန်း- စစ်ကောင်စီမှ ဝါဒဖြန့်ချီနေသည့် ပုံအမှား
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #TNLA