ဆရာတာရာမင်းဝေ၏ လက်ရေးမူနှင့် ကဗျာစာအုပ်အား E-Book အဖြစ် ဖြန့်ချီ
ကွယ်လွန်သူ ဆရာတာရာမင်းဝေ (ရွှေဘုန်းလူ)၏ လက်ရေးမူနှင့် ကဗျာများအား စုစည်းထားသည့် “တစ်ခါတုန်းက မီးခိုးဖြူ”ဟု အမည်ရသည့် ကဗျာစာအုပ် E-Book ကို ဒီဇင်ဘာလ ၁၇ရက်နေ့မှ စတင်ပြီး ဖြန့်ချီခဲ့တယ်လို့ ဆရာတာရာမင်းဝေ၏ ဇနီးဖြစ်သူ ဆရာမ မနော်ဟရီမှ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းကဗျာစာအုပ်တွင် ကဗျာရှည် ၆ပုဒ်နှင့် ကဗျာ ၂၅ပုဒ် စုစုပေါင်း ၃၁ပုဒ် ပါဝင်ပြီး အခြေခံအားဖြင့် တန်ဖိုးငွေကို တစ်သောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။
“ခုတစ်ကြိမ်မှာ limited အနေနဲ့ စောင်ရေ ၃၀၀ တိတိပဲ ရောင်းချပေးမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ် download လုပ်ထားတဲ့ စာအုပ်တွေကိုသော်လည်းကောင်း၊ download link ကိုသော်လည်းကောင်း တစ်နည်းနည်းနဲ့ လက်ဆင့်ကမ်းခြင်း၊ လက်ဆောင်ပေးခြင်း၊ မပြုလုပ်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ရသမျှကို ကဗျာဆရာအတွက် ရည်စူးပြီး၊ ရည်ရွယ်ရာနေရာများကို ၁၀၀% လှူဒါန်းသွားမှာဖြစ်ပါတယ်။
ဝယ်ယူလိုသူများ CB ကနေ ဆက်သွယ်နိုင်ပါတယ်”ဟု ဆရာမ မနော်ဟရီမှ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားထားသည်။
ဆရာတာရာမင်းဝေသည် မြန်မာ့စာပေသမိုင်း၏ ထင်ရှားသည့် စာရေးဆရာ၊ကဗျာဆရာတစ်ဦးဖြင့် သာမက ၁၉၈၉ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦးအဖြစ်လည်း တာဝန်ယူခဲ့သူ တစ်ဦးဖြစ်သည်။
ကျောင်းဖွင့်ချိန်၊ ဥဒါန်းနှင့်ကျောင်းသား အတ္ထုပတ္တိ စသည့် ကဗျာများအား ရွှေဘုန်းလူကလောင်အမည်ဖြင့် ရေးသားခဲ့ပြီး ၁၉၉၅ခုနှစ်တွင် တာရာမင်းဝေ အမည်ဖြင့် ပန်းခေတ်က လမင်း လုံးချင်းဝတ္ထုကို စတင်ထုတ်ဝေခဲ့သည်။ တာရာမင်းဝေအမည်ဖြင့် လုံးချင်းဝတ္ထုပေါင်း ၃၀အုပ်ထိ ရေးသားခဲ့ပြီး စာပေဝေဖန်ရေးများ၊ စာပေသဘောတရားနှင့် သီအိုရီစာအုပ်များအပါအဝင် လုံချင်းစာအုပ်ပေါင်း ၄၂အုပ်ထိ ရေးသားခဲ့သည်။
၂၀၀၇ခုနှစ် ဩဂုတ်လ ၅ရက်နေ့တွင် ဆရာတာရာမင်းဝေ ကွယ်လွန်ခဲ့သော်လည်း ဆရာ၏ စာပေများနှင့် ကဗျာများသည် ယနေ့အချိန်ထိ လူကြိုက်များဆဲ စာအုပ်များအဖြစ် ရပ်တည်နေသည်။
“တစ်ခါတုန်းက မီးခိုးဖြူ”အမည်ရ ဆရာတာရာမင်းဝေ၏ E-Book ကဗျာစာအုပ်ကိုမူ ဆရာ့ဇနီးဖြစ်သူ ဆရာမ မနော်ဟရီ၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် https://www.facebook.com/manor.hary မှတဆင့် မှာယူဝယ်ယူနိုင်ကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #တာရာမင်းဝေ #ရွှေဘုန်းလူ #မနော်ဟရီ #ကဗျာစာအုပ် #တစ်ခါတုန်းကမီးခိုးဖြူ