မလက္ကာရေလက်ကြား၌ သောင်တင်နေသည့် ရိုဟင်ဂျာများကို ကူညီပေးရန် အာဆီယံအဖွဲ့နှင့် အဖွဲ့၀င်နိုင်ငံများကို NUG မေတ္တာရပ်ခံ

Author မွန်လေး
Categories
Published on Dec 16, 2022

 

မလက္ကာရေလက်ကြား၌ သောင်တင်နေသည့် ရိုဟင်ဂျာများကို ကူညီပေးရန် အာဆီယံအဖွဲ့နှင့် အဖွဲ့၀င်နိုင်ငံများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက ယနေ့တွင် မေတ္တာရပ်ခံထားသည်။

ရိုဟင်ဂျာ ဒုက္ခသယ်များသယ်ဆောင်လာသည့် စက်လှေသုံးစင်းသည် နို၀င်ဘာလနှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့ကြောင်း၊ ရိုဟင်ဂျာ ဒုက္ခသည် ၁၅၄ ဦးသယ်ဆောင်လာသည့် စက်လှေတစ်စင်းကို ဗီယက်နမ်ကမ်းလွန်ကုမ္ပဏီတစ်ခုက ကြားဖြတ်ကယ်ဆယ်ခဲ့ပြီး စက်လှေပေါ်ပါ ဒုက္ခသည်များကို တရားမ၀င် အာဏာသိမ်းစစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း NUG က ထုတ်ပြန်ထားသည်။

နို၀င်ဘာ ၂၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာခဲ့သည့် ရိုဟင်ဂျာ ၁၈၀ ကျော်တင်ဆောင်လာသည့် ဒုတိယစက်လှေသည် မလက္ကာရေလက်ကြားတွင် အင်ဂျင်ပျက်ကာ အင်ဒိုနီးရှားနိုင်ငံပိုင်နက်အနီး ကျောက်ချထားပြီး၊ စက်လှေပေါ်ပါ ကလေးငယ်တစ်ဦးထက်မနည်း သေဆုံးခဲ့သည့်အပြင် အများအပြား ရေဓာတ်ကုန်ခန်းမှုနှင့် အစားအစာပြတ်လတ်မှုများ ကြုံတွေ့နေရသည်။

ယင်းအပြင် တတိယမြောက်စက်လှေသည် မည်သည့်နေရာသို့ ရောက်ရှိသည်ကို မသိရကြောင်း၊ ခန့်မှန်းချေ ရိုဟင်ဂျာ ၁၀၀ တင်ဆောင်လာသည့် အဆိုပါ တတိယမြောက်စက်လှေသည် နို၀င်ဘာ ၂၅ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာခြင်းဖြစ်သည်ဟု NUG ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် မလက္ကာရေလက်ကြား၌ သောင်တင်နေသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို အရေးပေါ်အကူအညီပေးရန်နှင့် ပျောက်ဆုံးနေသည့် တတိယမြောက် စက်လှေ တည်နေရာကို သိရှိစေရန် အရေးပေါ် ကြိုးပမ်းမှုများကို အာဆီယံအဖွဲ့နှင့် အဖွဲ့၀င်နိုင်ငံများက ပံ့ပိုးကူညီရန် NUG ကမေတ္တာရပ်ခံထားသည်။

ထို့ပြင် ရိုဟင်ဂျာများကို အသိအမှတ်ပြု၇န် ငြင်းဆန်ပြီး၊ တမင်ရည်ရွယ်သော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် ညွှန်ကြားခဲ့သည့် တရားမ၀င် အာဏာသိမ်းစစ်အုပ်စု၏ နှိပ်စက်မှုများကို သေချာပေါက် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများကို မည်သည့်အခြေအနေတွင်မဆို ပြန်ပို့ရန် မသင့်ကြောင်း NUG ကဆိုသည်။
#CjPlatform #NUG #ရိုဟင်ဂျာ