စစ်ကိုင်းခရိုင်အတွင်း စစ်ကောင်စီ မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးသူများအနက် ကျောထောက်နောက်ခံမရှိ သည့် ဖိုး၊ ဖွားများကို တဲတစ်လုံးငါးသောင်း Project ဖြင့် လှူဒါန်း

Author လင်းခိုင်
Categories
Published on Dec 16, 2022

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်အတွင်း စစ်ကောင်စီ မီးရှို့မှုကြောင့် ပျက်စီးဆုံးရှုံးသူများအနက် ကျောထောက်နောက်ခံမရှိသည့် အဖိုး၊ အဖွားများကို တဲတစ်လုံးငါးသောင်းကျပ် Project ဖြင့် လှူဒါန်းမှုများ ပြုလုပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူ ကိုရာဟုက CJ Platform သို့ပြောသည်။

ယခု ၂၀၂၂ ခုနှစ်၊ နို၀င်ဘာ ၂၄ ရက်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး အိမ်ထောင်စု ၃၆ စု စာ ထောက်ပံ့ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ အဓိက ဆောင်းတွင်း စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေက အရမ်းခက်ခဲတယ်။ သက်ကြီးတွေ၊ လသားအရွယ်တွေ အအေးမိသေဆုံးတယ် ကျွန်တော်တို့မြို့နယ်မှာ အဲ့ဒါကြောင့် တဲတစ်လုံး ငါးသောင်းလုပ်ဖြစ်တာ” ဟု ကိုရာဟုက ပြောသည်။

သို့သော် တဲတစ်လုံးအား ငါးသောင်းဖြင့် ဆောက်ရန် မလွယ်ကူကြောင်း၊ ပတ်ကားတဲဆိုပါက တစ်လုံးလျှင် တစ်သိန်းခွဲမှ နှစ်သိန်းလောက်ထိ ကုန်ကျသော်လည်း ယာယီအဖြစ် ရည်ရွယ်ကာ ယင်းကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကိုရာဟုက ဆက်လက်ပြောကြားသည်။

၂၀၂၂ ခုနှစ် လေးအတွင်း စစ်ကိုင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၇ ရွာကို စစ်ကောင်စီတပ်များက မီးရှို့ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်အများစုသည် နေစရာအိမ်မရှိခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့ကာ၊ နို၀င်ဘာလတွင် ကလေးငယ်တစ်ဦးနှင့် လူကြီးတစ်ဦးသည် အမိုးအကာမဲ့နေထိုင်ရမှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့သည်။

တဲတစ်လုံး ငါးသောင်းကျပ် Project ကို လှူဒါန်းလိုသူများအနေဖြင့် စစ်ကိုင်းခရိုင်အတွင်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် နီးစပ်ရာသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်း ကိုရာဟုက ဆိုသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို မတရားလုယူပြီးနောက် မြန်မာနိုင်ငံအနှံ့တွင် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကာ ၂ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီမီးရှို့မှုကြောင့် နေအိမ် ၃၈၃၈၃ လုံး ပျက်စီးသည့်အနက် စစ်ကိုင်းတိုင်းတစ်ခုထဲတွင် နေအိမ်ပေါင်း ၂၇၄၉၆ လုံးပျက်စီးခဲ့သည်ဟု Data for Myanmar က ယခုလအတွင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ကိုရာဟု
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #စစ်ဘေးရှောင်