မြန်မာနိုင်ငံတွင်း အကျည်အတည်းအခြေအနေကို EU ထပ်မံစိုးရိမ်ပြန်

Author လင်းခိုင်
Categories
Published on Dec 15, 2022

 

မြန်မာနိုင်ငံတွင်း အကျပ်အတည်း အခြေအနေနှင့် ပတ်သက်ပြီး လေးလေးနက်နက် စိုးရိမ်ပူလျက်ရှိကြောင်း အီးယူ-အာဆီယံ အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ပူးတွဲ ထုတ်ပြန်ချက်ကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေးတွင် အာဆီယံ သဘောတူညီချက် ငါးရပ်အတွက် မြန်မာနိုင်ငံ၏ ကတိက၀တ်ပြုချက်ကို ပြန်လည် အမှတ်ရကာ ယခုနှစ် နို၀င်ဘာ ၁၁ရက်တွင် ကျင်းပခဲ့သည့် ၄၀ နှင့် ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများတွင် ချမှတ်ခဲ့သည့် အာဆီယံ ခေါင်းဆောင်များ၏ ပြန်လည်သုံးသပ်ချက်နှင့် အကောင်အထည်ဖော်မှုဆိုင်ရာ ဆုံးဖြတ်ချက်အပါအ၀င် အာဆီယံသဘောတူညီချက် ငါးရပ်ကို အချိန်နှင့် တပြေးညီ အကောင်အထည်ဖော်ရန် EU က တိုက်တွန်းထားသည်။

ဥရောပသမဂ္ဂသည် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် လုပ်ငန်းရပ်များမှ တဆင့် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံပြီး ယုံကြည်မှု တည်ဆောက်ရေး၊ ခွဲခြားဆက်ဆံခြင်းမရှိဘဲ လူသားချင်း စာနာထောက်ထားမှု အကူအညီများကို လိုအပ်နေသည့် မြန်မာနိုင်ငံ ပြည်သူများထံ ထိရောက်စွာပေးအပ်ရေးတို့ အပါအ၀င် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းသော ဖြေရှင်းနည်းကို ပံ့ပိုးနိုင်ရန် အာဆီယံ၏ ကြိုးပမ်းမှုများကို ဆက်လက် ကူညီသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံခြားသားများအပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း၊ ဇူလိုင်လတွင် တက်ကြွလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေးစီရင်မှုအား ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယင်းအပြင် အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တို့၏ အရေးပါသော ကြိုးပမ်းမှုတွင် အနီးကပ် လက်တွဲလုပ်ကိုင် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အီးယူနှင့် အာဆီယံ ပထမဆုံး ထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်တွင် ဘယ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့အရေးကိစ္စနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အီးယူ #အာဆီယံ #စိုးရိမ်ပူပန်

Related News

Depend on news