ဆားကြမ်းစျေးနှုန်းကျဆင်းခြင်းနှင့် စက်သုံးဆီစျေးမြင့်တက်နေချိန် ဖျက်မိုး အကြိမ်ကြိမ်ရွာသွန်းခြင်းကြောင့် ဆားတောင်သူများ လုပ်ငန်းလည်ပတ်ရန် ခက်ခဲလာ

Author စကားဝါ
Categories
Published on Dec 15, 2022

 

ဆားကြမ်းစျေးနှုန်းကျဆင်းခြင်း၊ လုပ်သားရှားပါးခြင်း၊ စက်သုံးဆီစျေးနှုန်းမြင့််တက်ခြင်းနှင့် အထွေထွေသွင်းအားစု စရိတ်များမြင့်တက်နေချိန်တွင် အကြိမ်ကြိမ် ဖျက်မိုးရွာသွန်းမှုကြောင့် နှေလှမ်းဆားချက်လုပ်သည့် ဆားတောင်သူများ၊ ကနဦးဆားကြမ်းများပင် မထွက်ရှိသေးဘဲ လုပ်ငန်းများ ဆက်လက်ရပ်တည်ရန် ခက်ခဲလာနေကြောင်း ဧရာ၀တီတိုင်းအတွင်းရှိ ဆားတောင်သူများက CJ Platform သို့ပြောသည်။

ထိုကဲ့သို့ အခက်အခဲများ ကြုံတွေ့နေရသည့်အတွက် လက်ရှိအချိန်ထိ ဆားကြမ်းမထွက်ရှိသေးဘဲ အရှုံးများဖြင့် ရင်ဆိုင်နေရကြောင်းလည်းသိရသည်။

“ဒီနှစ်က ဆီစျေးနဲ့ လုပ်သားရှားလို့ တောင်သူတစ်၀က်ကျော်က အလုပ်မလုပ်ဘူး။ လုပ်သားကလဲ အရင်က အညာဘက်က လုပ်သားများတာ အခုနိုင်ငံရေးအခြေအနေနဲ့က လုပ်သားမရဘူး။ မိုးကတော့ တစ်ပတ်ကို တစ်ကြိမ်လောက်ရွာနေတော့ ဆားကအခုထိ မထွက်သေးဘူးဖြစ်နေတာ၊ ဒီတိုင်းဆို အကုန်ရှုံးမယ်။ နောက်နှစ်မှာ ဆားဖိုသူကြီးဆိုတာ ပျောက်သွားနိုင်တယ်” ဟု ပြင်စလူတိုက်နယ်မှ ဆားတောင်သူတစ်ဦးကပြောသည်။

ဆားကြမ်းများ မထွက်ပေါ်နိုင်သေးချိန် ဆားကြမ်းစျေးနှုန်းသည် ကွင်းတွင်းစျေး တစ်ပိသာလျှင် ၁၅၀ ကျပ်ရှိနေသ်ေလည်း ဆားကြမ်းများ ထွက်ပေါ်လာပါက စျေးနှုန်းကျဆင်းသွားနိုင်ပြီး ရာသီသိမ်းတွင် အရှုံးဖြင့်သာ ရင်ဆိုင်ရနိုင်သည်ဟု ဆားတောင်သူများက ခန့်မှန်းထားသည်။

“ ထုံးစံအတိုင်း ဆားမရှိချိန်မှာ စျေးပေးတယ်။ အခုထဲက ဆားပြန်ငွေပြန်ဆို ၁၀၀ ကျပ်တောင်မပေးချင်ဘူး။ ဒီတော့ စျေးနှုန်းက ကျလာမှာ၊ ရာသီသိမ်းဆိုရှုံးမှာပဲ၊ ပြောပါတယ် နောက်နှစ်မှာ ဆားဖိုသူကြီးဆိုတာ ပျောက်ကွယ်သွားနိုင်တဲ့ လူတစ်မျိုးလို့” ဟု အဆိုပါ ဆားတောင်သူမှ ဆက်လက်ပြောကြားသည်။

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းပြီးချိန်မှ စတင်ကာ ဆားတောင်သူများသည် နှစ်စဉ်နီးပါး အရှုံးဖြင့် ရင်ဆိုင်နေရပြီး၊ ပြည်တွင်း၌ ဆားကြမ်း အသုံးပြုသည့် စက်မှုလုပ်ငန်းများ နည်းပါးလာခြင်း၊ ပြည်ပနိုင်ငံများမှ အိမ်သုံးဆားများ ၀င်ရောက်နေခြင်းကြောင့် နေလှမ်းဆားချက်လုပ်ငန်းကို ဆားတောင်သူများက စွန့်ခွာလာကြသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နေလှမ်းဆား #ဆားကြမ်း #ဆားတောင်သူ #ဖျက်မိုး